DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ခရိုင်များတိုးချဲ့မှု PR ရွေးကောက်ပွဲစနစ်အတွက် ပြင်ဆင်နေခြင်းဖြစ်ဟု သုံးသပ်
DVB
·
January 22, 2022
နိုင်ငံတဝန်း ခရိုင်များတိုးချဲ့မှု PR ရွေးကောက်ပွဲစနစ်အတွက် ပြင်ဆင်နေခြင်းဖြစ်ဟု သုံးသပ်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းဖို့ ဆောင်ရွက်နေတာဟာ အချိုးကျကိုယ်စားပြုစနစ် PR ရွေးကောက်ပွဲစနစ်ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောပါတယ်။ 

အာဏာရှင်စစ်ခေါင်းဆောင်တွေ စိတ်ကြိုက်ရေးဆွဲပြီး စစ်တပ်က နိုင်ငံရေးမှာ အမြဲတမ်းပါဝင်နိုင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ တိုင်းပြည်အာဏာကို သိမ်းခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့အပါအဝင် အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ စစ်အုပ်စုအတွက် နောက်ဆုံးထွက်ပေါက်တစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ တစ်ခုကို အမြန်ပြန်ကျင်းပနိုင်ဖို့လုပ်ဆောင်နေပါတယ်။

အဲဒီကျင်းပမယ့်ရွေးကောက်ပွဲမှာ စစ်တပ်က  ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်မယ့် အချိုးကျကိုယ်စားပြုစနစ် PR ရွေးကောက်ပွဲ  စနစ်ကျင့်သုံးနိုင်ဖို့  ဥပဒေတစ်ရပ်ကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို  ရေးဆွဲခိုင်းပြီး နိုင်ငံရေးပါတီတွေကို စည်းရုံးနေပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ တဘက်မှာလည်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ PR စနစ် ကျင့်သုံးတဲ့အခါမှာ စစ်တပ်ထောက်ခံတဲ့ပါတီ အသာစီးရနိုင်မယ့်နေရာတွေအတွက် ခရိုင်တွေကို တိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။

PR စနစ် ကျင့်သုံးမယ်ဆိုရင် မဲဆန္ဒနယ်တွေကို ခွဲတဲ့အခါမှာ မြို့နယ်အပေါ် အခြေခံပြီး ခွဲမှာမဟုတ်ဘဲ ခရိုင်အပေါ် အခြေခံပြီး ခွဲဝေမှာဖြစ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီက အခုလို ကြိုတင်လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။

တိုင်းပြည်လုံခြုံရေးကြောင့် ခရိုင်အနည်းငယ်ကို တိုးချဲ့ဖွဲ့စည်းနိုင်တယ်ဆိုပေမယ့် နေရာအနှံ့မှာ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းလာပြီဆိုရင်တော့ ဒါဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာ ဖြစ်တယ်လို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။

“ခရိုင်ဆယ်ခုရှိတဲ့ ပြည်နယ်တခုကို ခရိုင် နှစ်ဆယ် လုပ်ပေးမယ်ပေါ့။ အဲဒါက ခရိုင်အလိုက် ခွဲရတော့မှာပေါ့။ ဟိုဘက် ဆယ်ခရိုင်၊ ဒီဘက် ဆယ်ခရိုင် ဖြစ်သွားမှာပေါ့။ အဲဒီဆယ်ခရိုင်အတွင်းမှာ အများဆုံးရတဲ့ ပါတီနဲ့ အလယ်အလတ်ရတဲ့ ပါတီရယ် အချိုးချလာမှာပေါ့။ တစုံတရာ အခြေအနေတော့ ပြောင်းလဲသွားနိုင်တယ်။ PR စနစ်မှာ ကိုယ် အားသာတဲ့နေရာက အနည်းစုကိုဆွဲပြီးတော့ ပိုပိုပြီးတော့ကိုယ့်ဘက်ကရအောင် လုပ်ထားနိုင်တဲ့သဘောတော့ ရှိတယ်။ ”

အာဏာသိမ်းစစ်ကောင်စီဟာ PR စနစ်ကို ဘယ်လွှတ်တော်အတွက် ကျင့်သုံးမလဲဆိုတဲ့ တိကျတဲ့ သတင်းကို ထုတ်မပြောပေမယ့်လည်း PR စနစ်ဟာ ပါတီတစ်ခုတည်း အနိုင်ရခြင်းမရှိတော့ဘဲ ဝင်ပြိုင်တဲ့ပါတီတွေက သတ်မှတ်ရာခိုင်နှုန်းအချိုးအရ လွှတ်တော်ထဲမှာ ပါဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာတုန်းက PR စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ရွေးကောက်ပွဲစနစ် ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာ ဒီရွေးကောက်ပွဲစနစ်ကို ကျင့်သုံးနိုင်ဖို့ အတည်ပြု ဆုံးဖြတ်ရမယ့် လွှတ်တော်လည်း မရှိတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်တယ်လို့ပြောနိုင်ဖို့ အတော်ခက်ခဲတယ်လို့ ချင်းတိုးတက်ရေးပါတီအတွင်းရေးမှူးဦးရှိန်းထွန်းက သုံးသပ်ပြောပါတယ်။

“PR နဲ့သွားမယ်၊ ပေါ်လစီအစ်ရှူးကလွဲရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိလို့ကိုမရဘူး။ ထိမယ်ဆိုရင် လွှတ်တော် အခန်းကဏ္ဍ ရှိကိုရှိရမယ်။ လွှတ်တော်မရှိဘဲနဲ့ ပေါ်လစီအစ်ရှူးနဲ့ အစိုးရအပိုင်းလောက်ပဲ သွားလို့ရမယ်။ အစိုးရက ဘယ်နှခရိုင်ထားမယ်ဆိုတာ လွှတ်တော်ကို အတည်ပြုပေးရတယ်။ ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်က အတည်ပြုပေးမှ သွားလို့ရတဲ့အခင်းအကျင်းမျိုး။ ခက်တာက အမျိုးသားလွှတ်တော်တော့ မရှိဘူး။ ပြည်သူ့လွှတ်တော်က ဦးတီခွန်မြတ်က ရုံးအတက်အဆင်း လုပ်နေတော့ လွှတ်တော်ရှိသယောင်ယောင် ဖြစ်နေတော့ ဘယ်လိုပုံစံနဲ့ သူတို့ဖွဲ့လိုက်တဲ့အနေအထား မသိနိုင်ဘူး။” 

စစ်တပ်အာဏာ စသိမ်းလိုက်တဲ့နေ့ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပျက်သွားပြီ ဖြစ်တာကြောင့် အဲဒါကို အခြေခံပြီးလုပ်နေတဲ့ အရာမှန်သမျှဟာ တရားဝင်မှုမရှိတော့ဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ပြောပါတယ်။

စစ်တပ်အသာစီးရပြီး လူထုမထောက်ခံတဲ့ ရွေးကောက်ပွဲစနစ်ကို အသက်သွင်းနေတာကလည်း လူထုမျက်နှာမကြည့်ဘဲ အာဏာသိမ်းစစ်ကောင်စီတပ်အတွက် အာဏာချဲ့ထွင်နိုင်ဖို့ အဓမ္မလုပ်ဆောင်တဲ့ နောက်ထပ် သက်သေတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က “PR စနစ်ကို သွားမယ်ဆိုရင် လွှတ်တော်ထဲမှာ ဘယ်ပါတီကမှ နေရာအများစုရမှာ မဟုတ််တော့ဘူး။ လွှတ်တော်ထဲမှာ ပြည်သူ့ဆန္ဒမပါဘဲနဲ့ ဝင်ရောက်နေတဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ပိုပြီးတော့ အရေးပါသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပျက်ပြယ်ပြီးဖြစ်တယ်။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအားလုံးက တရားဝင်မှု မရှိပါဘူး။ ဒါကြောင့်မို့ သူတို့ ဘယ်လိုကြိုးပမ်းပါစေ အဓိပ္ပာယ်ရှိတဲ့အကြောင်းအရာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက်လည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။

လတ်တလောမှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ခရိုင် ၄၂ ခရိုင်ကို အသစ်တိုးချဲ့ဖွဲ့စည်းဖို့ ဆောင်ရွက်နေပါတယ်။

ပဲခူးတိုင်းမှာ ဆိုရင် ညောင်လေးပင်ခရိုင်၊ နတ်လင်းခရိုင်၊ မကွေးတိုင်းမှာဆိုရင် ချောက်ခရိုင်၊ အောင်လံခရိုင်၊ မန္တလေးတိုင်းမှာဆိုရင် အမရပူရခရိုင်၊ အောင်မြေသာစံခရိုင်၊  သပိတ်ကျင်းခရိုင်၊ တံတားဦးခရိုင်၊ မွန်ပြည်နယ်မှာဆို ရေးခရိုင်၊ ကျိုက်ထိုခရိုင်၊ ရခိုင်ပြည်နယ်မှာဆို အမ်းခရိုင်နဲ့ တောင်ကုတ်ခရိုင် စသဖြင့် ခရိုင်အသစ်တွေတို့ချဲ့ဖို့ စစ်ကောင်စီက စီစဉ်နေတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အုပ်ချုပ်မှုလုပ်ငန်းတွေ အခုထက် ပိုမိုအဆင်ပြေချောမွေ့စေဖို့  ခရိုင်အဆင့်တွေကို ထပ်မံတိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်နေတာလို့ ပြီးခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောထားပါတယ်။ 

ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းရာမှာ  ခရိုင်ဒေသရဲ့  အားထားရမှု အခြေအနေ၊ သွားလာရေးလွယ်ကူမှုနဲ့ အုပ်ချုပ်ရေးအတွက် အရေးပါမှုတွေကို ထည့်သွင်းစဉ်းစားရတဲ့အပြင်  ခရိုင်၊ ဒေသရဲ့ စီးပွားရေးအရ ဖွံ့ဖြိုးမှု၊ ထင်ပေါ်မှုနဲ့ တခြားအရေးပါမှုတွေကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013