
ရုရှားနဲ့ ယူကရိန်းတို့ဟာ ဒရုန်းတွေ အသုံးပြုပြီး အရေးပါတဲ့ စစ်ရေးအဆောက်အအုံတွေကို သောကြာနေ့က အပြန်အလှန်တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း ရုရှားဟာ တာဝေးပစ်လက်နက်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး ကြီးမားတဲ့ တိုက်ခိုက်မှု တကြိမ်နဲ့ အစုလိုက် တိုက်ခိုက်မှု ၆ ကြိမ် ရှိခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
ရုရှားတို့ ထိန်းချုပ်ထားတဲ့ ဒွန်နက်နဲ့ ဇာပိုရီရှားတို့မှာ ယူကရိန်း ဒရုန်း ၃၀၈၄ စင်းကိုလည်း ပစ်ချ ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့မှာပဲ ရှေ့တန်းစစ်မျက်နှာမှာ ၂၄ နာရီအတွင်း အပြန်အလှန် ပစ်ခတ်မှု ပေါင်း ၂၇၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။
ယူကရိန်းရဲ့ လေကြောင်း၊ ဒုံးကျည်တွေနဲ့ အမြောက်တပ်ဖွဲ့တို့ရဲ့ တိုက်ခိုက်မှုတွေက စစ်သားစုဝေးတဲ့ နေရာတွေ၊ ကွပ်ကဲမှုနေရာတွေနဲ့ အမြောက် လက်နက်တွေစတဲ့ နေရာအများအပြားကို တိုက်ခိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှား ဒရုန်း ၂၀၄၆ စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောထားပါတယ်။ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ဇာပိုရီရှားနျူကလီးယားစက်ရုံကို ထိမှန်ခဲ့ပြီး အင်ဂျင်နီယာ ၃ ယောက် ဒဏ်ရာရခဲ့ကာ ၂ ယောက်က ဒဏ်ရာ ပြင်းထန်တယ်လို့ ရုရှားဘက်က ဆိုပါတယ်။
သောကြာနေ့အစောပိုင်းကတော့ နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA) က ဇာပိုရီရှားနျူကလီးယားစက်ရုံအနီးမှာ အပစ်ရပ်ဖို့ ကြေညာထားပါတယ်။
နျူကလီးယားဓာတ်အားပေးစက်ရုံ ဓာတ်အားလိုင်း ပြန်ပြုပြင်ဖို့ အပစ်ရပ် ကြေညာထားတာပါ။ ဇာပိုရီရှားစက်ရုံဟာ ဥရောပရဲ့ နျူစွမ်းအင်သုံး အကြီးမားဆုံးဓာတ်အားပေး စက်ရုံဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လကတည်းက ရုရှားတွေက ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










