DVB Logo
Home
မြန်မာသတင်း
ရန်ကုန် နောက်ဖေးလမ်းကြားဥယျာဉ်အချို့ အမှိုက်များပြည့်ပြီး ပျက်စီးလာ
DVB
·
January 21, 2022
ရန်ကုန် နောက်ဖေးလမ်းကြားဥယျာဉ်အချို့ အမှိုက်များပြည့်ပြီး ပျက်စီးလာ
1 / 4
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန် နောက်ဖေးလမ်းကြားဥယျာဉ်တွေထဲက တချို့ဟာ အခုတော့ အမှိုက်တွေပြည့်ပြီး ပျက်စီးလာတာကို တွေ့ရပါတယ်။

နောက်ဖေးလမ်းကြား ဥယျာဉ်တွေကို Yangon Wall နဲ့ ဒို့အိမ်တို့လို မြို့ပြထိန်းသိမ်းရေး အဖွဲ့အစည်းတချို့က ပြုလုပ်ခဲ့ပြီး တချို့ကတော့ ရပ်ကွက်လူထုကပဲ ကိုယ်ထူကိုယ်ထ လုပ်ခဲ့ကြတာပါ။

“ခေတ်က မကောင်းတော့ ထိန်းသိမ်းမဲ့သူမရှိတော့တာလားမသိဘူး။ ဒါပေမဲ့ ကိုယ့်နေရာဝန်းကျင်ကို သာယာအောင်လုပ်ဖို့က ကိုယ့်တာဝန်ပဲလေ။ အခုလို ပျက်စီးသွားတာက အဲဒီနေရာက လူတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်တာလို့ထင်တယ်။ အခုတော်လှန်ရေးမှာ ဒီလို အကျင့်စရိုက်တွေကိုလည်း တော်လှန်ပစ်ရမယ်” လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈၊ ၁၉ ခုနှစ်လောက်မှာလည်း နောက်ဖေးလမ်းကြားတွေကို စည်ပင်သာယာရေးအဖွဲ့နဲ့ ရပ်ကွက်လူထုတို့ ပူးပေါင်းရှင်းလင်းခဲ့ကြပြီး မကြာခင်မှာပဲ ပြန်ပျက်စီးသွားတာ၊ အမှိုက်တွေ ပြန်ပစ်ချကြတာကို တွေ့ခဲ့ရဖူးပါတယ်။

စီမံကိန်းတွေ ပြုလုပ်ရာမှာပါဝင်ခဲ့တဲ့ ဒို့အိမ်အဖွဲ့က “ကျနော်တို့က နောက်ဖေးလမ်းကြား ဥယျာဉ် အဖြစ် ပြောင်းလဲပြီးစီးတာနဲ့ ဖွင့်ပွဲပြုလုပ်ပြီး ရပ်ကွက်နေပြည်သူလူထုကို ပြန်အပ်ပါတယ်။ ဒို့အိမ်အနေနဲ့ အကောင်အထည်ဖော်ပြီး နောက်ဖေးလမ်းကြားဥယျာဉ်တိုင်းကို နှစ်စဉ်မိုးရာသီပြီးတိုင်း အသေးစိတ် သန့်ရှင်းနိုင်ဖို့ အားထုတ်သလို၊ ရပ်ကွက်နေပြည်သူတွေရဲ့ တခြားပုံမှန်ထိန်းသိမ်းတဲ့ လှုပ်ရှားမှုတွေမှာလည်း ကူညီထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့ ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ် ကစပြီး အခုလိုပြုလုပ်ပေးနိုင်ဖို့ စိန်ခေါ်မှုတရပ်ဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်မှာ နောက်ဖေးလမ်းကြား ဥယျာဉ်ပေါင်း ၂၀ ကျော်ရှိပြီး ဒီထဲမှာ ၁၂ ခုကတော့ ဒို့အိမ်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုလို လမ်းတွေ ပြန်ပျက်စီးလာတာနဲ့ ပတ်သက်ပြီး “ကိုဗစ် ပထမလှိုင်းထဲက ရပ်ကွက်နေပြည်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ရဲ့ သက်ဆိုင်ရာ နောက်ဖေးလမ်းကြားတွေကို အသုံးမပြုဘဲ ပိတ်ထားတာ တွေ့ရှိရပါတယ်။ တချို့ကတော့ နံရံပန်းချီတွေ ဆေးရောင်ပျယ်သွားတာ၊ အမှိုက်အနည်းငယ် ရှိတာတွေ ရှိသလို တချို့ကျတော့လည်း အမှိုက်တွေနဲ့ တော်တော်များများ ပြန်ရောက်လာတာရှိပါတယ်။ ပိတ်ထားတာများတဲ့အတွက် လမ်းကြားအားလုံးရဲ့ အခြေအနေကို သိရှိဖို့ အနည်းငယ် အခက်အခဲရှိပါတယ်” လို့ ပြောပါတယ်။

ဒီဗွီဘီက လေ့လာခဲ့တဲ့ နောက်ဖေးလမ်းကြားတချို့ဟာလည်း အဝင်အထွက်ကို ပိတ်ထားပြီး လူဝင်လူထွက်မရှိပေမဲ့ အမှိုက်တွေ ပစ်ချတာမျိုးမရှိဘဲ သန့်ရှင်းနေတာကို တွေ့ရပါတယ်။

နောက်ဖေးလမ်းကြားဥယျာဉ်တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ထားကြတာဖြစ်ပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ကုန်ကျတယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ စီမံကိန်းတွေ ပြုလုပ်ရာမှာပါဝင်ခဲ့တဲ့ ဒို့အိမ်အဖွဲ့ကတော့ “လုပ်ဆောင်ရတဲ့ ပရောဂျက်ပေါ်ကို မူတည်ပြီးတော့ ကုန်ကျစရိတ်တွေက အမျိုးမျိုး ကွဲပြားသွားတဲ့အတွက် ပျမ်းမျှဆိုပြီးတော့တော့ ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းတစ်လမ်းစီတိုင်းမှာ ထည့်တဲ့ ဒီဇိုင်းတွေ၊ ထည့်တဲ့ ပစ္စည်းတွေ၊ ကိရိယာတွေ၊ အဲ့ဒီ့ လမ်းသူလမ်းသားတွေ အသုံးပြုလိုတဲ့အပေါ် မူတည်ပြီးတော့ စဉ်းစားရတာ ဖြစ်တဲ့အတွက် အချို့ဟာတွေက Customize လုပ်ရတယ်။ တစ်ချို့ကတော့ ရှိပြီးသား ဒီဇိုင်းကို ထည့်လို့ရတယ်။ အဲ့လိုမျိုးဆိုတော့ ကျွန်တော်တို့အနေနဲ့ ပျမ်းမျှဘတ်ဂျက်ကို ပြောနိုင်ဖို့ကကျတော့ နည်းနည်း ခက်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိအနေအထားမှာ အများပြည်သူဆိုင်ရာနေရာတွေကို ထိန်းသိမ်းပြုပြင်ဖို့က စိန်ခေါ်မှု တရပ်လို့ ဒို့အိမ်က ပြောပြီး ရပ်ကွက်နေပြည်သူတွေက ဒီလိုနေရာတွေကို ထိန်းသိမ်းပြုပြင်ဖို့ ကြိုးပမ်းတာမှာ ဆက်လက်အကျိုးပြုသွားမယ်လို့လည်း ဆိုပါတယ်။

ဒို့အိမ်ဟာ သူတို့ရဲ့ ပထမဆုံး နောက်ဖေးလမ်းကြားဥယျာဉ်နမူနာစီမံကိန်းကို ဒို့အိမ်ရုံးဟောင်းတည်ရှိရာ ရန်ကုန် ၂၇ လမ်းမှာ ၂၀၁၆ ခုနှစ်က စတင်ပြုလုပ်ခဲ့တာပါ။

ဓာတ်ပုံ - ထက်အောင်ကျော်ဌေး၊ မူရင်းတင်သူများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013