DVB Logo
Home
Lead Story
မနေအပ်တဲ့ ပစ္စန္တရစ်အရပ်ဖြစ်လာတဲ့ ဖက်ဆစ်စစ်တပ်
DVB
·
January 16, 2022
မနေအပ်တဲ့ ပစ္စန္တရစ်အရပ်ဖြစ်လာတဲ့ ဖက်ဆစ်စစ်တပ်
Donate to DVB

ဗုဒ္ဓစာပေတွေထဲက ရပ်ပြစ်ရှစ်ပါးမှာပါတဲ့ ပစ္စန္တရစ်အရပ်ဆိုတာ လူအရိုင်းအစိုင်းတွေနေတဲ့အရပ်၊ တောတောင်အကြား အစွန်အဖျားအရပ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

ရပ်ပြစ်ရှစ်ပါးဆိုတာ ကုသိုလ်ကောင်းမှုမပြုနိုင်တဲ့အရပ်၊ တရားအားထုတ်ခွင့်မရနိုင်ခြင်းကြောင့် အပြစ်ဖြစ်တဲ့ အရပ်၊ အမြင်မှားနေသူ‌တွေရှိတဲ့ အရပ်၊ အမှန်တရားကို နားလည်လောက်သော ဉာဏ်မရှိသူတွေရှိတဲ့အရပ်၊ ခွန်အားကြီးသူက ကြီးနိုင်ငယ်ညှဉ်း အနိုင်ယူ သတ်ဖြတ် စားသောက်ကြတဲ့ တောရိုင်းဥပဒေကြီးစိုးတဲ့အရပ်တွေ ဖြစ်ပါတယ်။

ဆရာသိပ္ပံမောင်ဝကတော့ နွေကာလတွင် ဖုန်တ‌သောသောထလျက် မိုးတွင်းအခါ တရွာလုံး ရေမြုပ်တတ်ပြီး၊ တရွာလုံးတွင် အိမ်သာတစ်လုံးတောင် မရှိတဲ့၊ အင်းသူကြီးနဲ့ အင်းသား အများစု နေထိုင်ကာ လယ်သမား တစ်ယောက်စ နှစ်ယောက်စသာရှိပြီး ငါးလုပ်ငန်းသမားများသာ ရှိတဲ့၊ အဆဲအဆို အရိုက်အနှက်များနဲ့ အမှုအခင်းထူထပ်သော၊ ရွှံ့ဗွက်ထဲသို့ ဆင်းကာ ငါးဖမ်းကစားခြင်းဖြင့် ကလေးတို့ အပန်းဖြေလေ့ရှိသော ‘‘တပေကုလား’’ ဆိုတဲ့ ရွာကလေးကို ပစ္စန္တရစ်အရပ်လို့ တင်စားပြီး စကားပြေဆောင်းပါးတပုဒ်ကို ရေသားခဲ့ဖူးပါတယ်။ 

တည့်တည့်ပြောရရင်တော့ တရားဥပဒေစိုးမိုးမှုကို တန်ဖိုးမထားတဲ့ လက်နက်အားကိုးနဲ့ အကြမ်းဖက် သတ်ဖြတ်အာဏာလုတဲ့ စစ်တပ်ဟာ ပစ္စန္တရစ်အရပ် ဖြစ်နေတာပါပဲ။ မိမိနဲ့ မထိုက်တန်တဲ့ ရာထူးအာဏာစည်းစိမ်ဥစ္စာတွေကို ခိုးဆိုးလုယက် ဓားပြတိုက်နေတဲ့ အရိုင်းအစိုင်းတွေ စုဝေးနေတဲ့အရပ်၊ မုဒိမ်းကောင်တွေ နေရာရတဲ့အရပ်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပြီး တာဝန်ခံမှုမပြုဘဲ ဥပဒေအထက်မှာ ပုန်းခိုနေသူတွေ စုဝေးနေတဲ့ အဖွဲ့အစည်းတရပ် ဖြစ်တာမို့ ဖက်ဆစ်စစ်တပ်ဟာ မနေသင့်မနေအပ်ဘဲ အမြန်ဆုံးစွန့်ခွာ ကျောခိုင်းရမဲ့ ပစ္စန္တရစ်အရပ် ဖြစ်လို့နေပါပြီ။ 

ဘာကြောင့် စစ်တပ်ဟာ အဲဒီလိုမနေသင့်တဲ့ ပစ္စန္တရစ်အရပ် ဖြစ်လာရသလဲဆိုတာကို ဥပမာပေးရရင် ကျန်းမာရေးအသိ ချို့တဲ့သူတွေ စုဝေးနေထိုင်တဲ့ အရပ်တွေ၊ တကိုယ်ရေ သန့်ရှင်းမှုကို အလေးမထား၊ မထိန်းသိမ်းတဲ့အရပ်တွေမှာ ကြမ်းပိုးတွေ မှိုလိုပေါက်ပွားလေ့ ရှိပါတယ်။ ချွေးသံတရွှဲရွှဲနဲ့ အပြင်ကပြန်လာ၊ ရေမချိုး၊ ကိုယ်လက်မသန့်စင်ဘဲ အိပ်ရာ၀င်၊ စောင်၊ ခေါင်းအုံး၊ အိပ်ရာခင်းတွေ ပုံမှန်မလျှော်မဖွပ်၊ နေမလှန်းတဲ့အိမ်တွေမှာ သေချာပေါက် ကြမ်းပိုးရှိသလိုပါပဲ။

ကိုယ်ကျင့်သီလ ညစ်နွမ်းတဲ့ နိုင်ငံရေးအသိချို့ငဲ့သူ စစ်ဗိုလ်ယုတ်တွေ အုပ်စီးပြီး၊ အုပ်ချုပ်ပုံစနစ် မမှန်ကန်တဲ့ အခွင့်ထူးခံစစ်တပ်မှာ စစ်ဂျပိုးတွေ ထိန်းမနိုင်သိမ်းမနိုင် ပေါက်ပွားမင်းမူ ပြန့်ပွားလာရတာပဲ ဖြစ်ပါတယ်။

ကိုယ်ကျိုးစီးပွားသာ ကြည့်တတ်တဲ့ စစ်ခေါင်းဆောင်တွေ လူတန်းစားတရပ်လို ဖြစ်လာပြီး မိုးကျရွှေကိုယ်လို့ အခေါ်ခံရတဲ့ စစ်ဂျပိုးတွေ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ ရှိရှိသမျှ နယ်စုံ၊ ပယ်စုံ၊ ကဏ္ဍစုံမှာ ရောက်ရှိ‌လာကြတာများ အို-တရွရွနဲ့ ပေါက်ပွားသောင်းကျန်းခွင့် ရခဲ့ကြတာဟာ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေပဲ မဟုတ်လား။ 

တနည်းအားဖြင့် ပြောရရင် အလွန်ဖောက်ပြန်တဲ့ စစ်အခွင့်ထူးခံ အဆိပ်ပင်ကြီးရဲ့ အသီးအပွင့်တွေလို့ ပြောရင်မမှားပါဘူး။ ဒီကနေ့ တပ်မတော် အမည်ခံ ဖက်ဆစ်စစ်တပ်ထဲကို ကြည့်လိုက်ရင် ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လို့ ရာထူးတက်လာတဲ့ လူသတ်‌ကောင် စစ်ဂျပိုးတွေ၊ တိုင်းပြည်ဘဏ္ဍာ‌မြေယာတွေ လုယက်ပြီး အထက်ကို လာဘ်ထိုးပြီး အဆင့်မြင့်ရာထူး‌ နေရာယူထားတဲ့ ဓားပြစစ်ဂျပိုးတွေ၊ တိုင်းရင်းသူတွေ ပြည်သူတွေကို အလိုမတူဘဲ ခြိမ်းခြောက်မတရားပြုကျင့်ပြီး အပြစ်မခံရတဲ့ မုဒိမ်းစစ်ဂျပိုးတွေ၊ အပွင့်အခက်ရာထူးကို ခုံမင်ကြတဲ့ အာဏာရူး ရာထူးရူး စစ်ဂျပိုးတွေ၊ ပြည်သူပိုင် နိုင်ငံပိုင်ပစ္စည်းတွေကို ခိုးဝှက်ပြီး ဖြတ်လမ်းနည်းနဲ့ ချမ်းသာလိုတဲ့ စောရသူခိုးစစ်ဂျပိုးတွေချည်းပဲ ပြည့်နှက်နေတာမို့ မနေသင့်တဲ့ ပစ္စန္တရစ်အရပ် ဖြစ်နေခဲ့ပါပြီ။ 

လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကာလတွေမှာ နိုင်ငံနဲ့ ပြည်သူကို ရင်ဝယ်သားပမာ သ‌ဘောထားပြီး တန်ဖိုးထားတတ်တဲ့ နှလုံးသားရှိတဲ့ ကိုယ်ကျင့်သီလ မြင့်မြတ်ပြီး ရိုးသားတည်ကြည်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူတင်မြှောက်တဲ့ NLD အစိုးရဟာ အောက်ပါ မင်းကျင့်တရား၁၀ ပါးနဲ့ အုပ်ချုပ်ခဲ့တာမို့ တိုးတက်အောင်မြင်လာဖို့ အရှိန်ရလာတာကို ပြည်တွင်း ပြည်ပ အားလုံး သတိပြုမိကြပါတယ်။

(၁) ဒါန - အလှူပေးခြင်း၊ 

(၂) သီလ - ငါးပါးသီလ/ဆယ်ပါးသီလ ဆောက်တည်ခြင်း၊

(၃) ပရိစာဂ - ပေးကမ်းချီးမြှင့် စွန့်ကြဲခြင်း၊ 

(၄) မုဒုက - ကိုယ်နှုတ် နူးညံ့သိမ်မွေ့ခြင်း၊ 

(၅) ဥပေါသထ -အဋ္ဌင်္ဂသီလ စောင့်သုံးရခြင်း၊ 

(၆) အက္ကောဓ - အမျက်မထွက်ခြင်း၊ 

(၇) အဝိရောဓ - ရဟန်းရှင်လူပြည်သူတို့နဲ့မဆန့်ကျင်ခြင်း၊ 

(၈) အဝိဟိံသန -ပြည်သူလူထုတို့ကို အခွန်အတုတ် အမျိုးမျိုးတို့နဲ့ မညှဉ်းဆဲခြင်း၊ 

(၉) ခန္တီ - သည်းခံခြင်း၊ 

(၁၀) သမ္မာပဋိပန္န- ဖြောင့်မတ်မှန်ကန်စွာကျင့်ခြင်း၊

ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း မင်းသားကြီး မလုပ်ရတော့ ပတ်မကြီး ထိုးဖောက်သလို အာဏာရူး စစ်ဓားပြအခွင့်ထူးခံတွေဟာ ပြည်သူက အပ်နှင်းလိုက်တဲ့ အသည်းကြားက မဲဆန္ဒတွေကို အသိအမှတ်မပြုတဲ့အပြင် မိမိရဲ့ လက်သည်းအစွယ်သွား‌တွေကိုသာ အားထားတတ်တဲ့ သားရိုင်းတိရစ္ဆာန်တွေလို လက်နက်အားကိုးနဲ့ ပြည်သူအာဏာကို လုယက်ခဲ့ကြတဲ့ ဖက်ဆစ်စစ်တပ်ရဲ့ ဗိုလ်ကျအနိုင်ကျင့် အုပ်ချုပ်ရာမှာတော့ မင်းကျင့်တရား ၁၀ ပါးဆိုတာ မူးလို့တောင် ရှူစရာမရှိတော့ဘဲ ဘီလူးမိစ္ဆာတွေလို ရက်စက်ကြမ်းကြုတ်စွာ နိုင့်ထက်စီးနင်း ဆိုးသွမ်းမင်းမူခဲ့ကြပါတယ်။  

ဒါကြောင့်မို့လို့လည်း ပြည်သူတရပ်လုံးက လက်မခံတော့ဘဲ ဆန့်ကျင်တော်လှန်တာကို အပြင်းအထန် ခံနေရတဲ့ ဖက်ဆစ်စစ်တပ်မှာ ဆက်နေရင် မဝေးလှတဲ့ အနာဂတ်ကာလမှာ အသက်နဲ့ ဘဝအတွက် လုံခြုံမှုမရှိတော့၊ အာမခံချက် ပျောက်ဆုံးနေတဲ့ ပစ္စန္တရာဇ်အရပ် ဖြစ်သွားတာကို လက်ရှိ တပ်ထဲက စစ်ဗိုလ် စစ်သားတွေ အမှန်အတိုင်း နားလည်သဘောပေါက်ကြဖို့ လိုပါတယ်။ 

တနေ့တခြား အမှန်တရားကို ပိုင်းခြားတတ်လာတဲ့ CDM စစ်သည်စစ်သားတွေ၊ ပြည်သူ့ဘက် ခိုလှုံလာတဲ့ စစ်သည်တော်တွေ တိုးသထက်တိုးလာသလို တပ်ကနေ ထွက်ပြေးတဲ့ တပ်ပြေးတွေလည်း များသထက်များလာနေပါပြိ။

ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ဒီဗွီဘီ တီ‌ဗွီသတင်းထဲမှာ တနင်္သာရီတိုင်း မြိတ်မြို့နယ် ဇဝဲကျေးရွာအုပ်စုအတွင်း အခြေစိုက်တဲ့ ခြေမြန်တပ်ရင်း ၅၅၆ မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရှေ့တန်းကိုပို့တဲ့နေရာမှာ ထွက်ပြေးတာတွေ ရှိနေတယ်လို့ အဆိုပါတပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောတယ်ဆိုတဲ့သတင်းကို ဖတ်ရှုခဲ့ရပါတယ်။ 

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အသိမမှန်၊ အကျင့်ဖောက်ပြန်တဲ့ စစ်အာဏာရှင်လက်အောက်က စစ်တပ်ဟာ လူသတ် ဓားပြ မုဒိမ်း သူခိုး အခွင့်ထူးခံတွေ စုဝေးရာ ရေရှည်မှာ မရှင်သန်နိုင်တော့တဲ့၊ မနေအပ်တဲ့ ပစ္စန္တရစ်အရပ်ပမာ ဖြစ်ခဲ့ပါပြီ။

ဒါကြောင့် ဒီကနေ့ ဖက်ဆစ်စစ်တပ်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ပိတ်မိနေတဲ့ စစ်ဗိုလ် စစ်သားပဲ ဖြစ်ဖြစ်၊ စစ်သားဆိုတာ စစ်မိန့်ကို နာခံရတာပဲလို့ အကြောင်းပြဆဲ ဉာဏ်မဦးစီးတဲ့ စစ်ဗိုလ် စစ်သားတွေပဲဖြစ်ဖြစ်၊ ၂၀၂၁ နွေဦးတော်လှန်ရေးကို ၁၉၈၈ တုန်းက ရှစ်လေးလုံးအရေးတော်ပုံလိုပဲ စစ်အာဏာရှင်ဘက်က အသာစီးပြန်ရရင် ငါတို့တော့ ပိုနေမြဲ ကျားနေမြဲအတိုင်း ဆက်ရာထူးနေရာရဦးမယ် ထင်နေတဲ့ အရိပ် ၃ ပါး နားမလည်တဲ့ စစ်ဗိုလ် စစ်သားအားလုံးကို သတိ‌ပေးချင်တာက ဒီတခေါက်ကတော့ မြန်မာပြည်သူလူထုတရပ်လုံးက ဆိုးရွားကြမ်းကြုတ်တဲ့ စစ်အခွင့်ထူးခံစနစ် အပြီးတိုင် အမြစ်လှန် တူးထုတ်နိုင်မှ နိုင်ငံသူနိုင်ငံသားအားလုံး ဘဝလုံခြုံ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့ဘောင်မှာ လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်သန်နိုင်မှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်တယ်ဆိုတာကို ရင်ထဲ အသည်းထဲမှာ နာနာကြည်းကြည်း ယုံကြည်သွားပြီ ဆိုတာပါပဲ။ 

ပြည်သူ့ကျိန်စာသင့်နေတဲ့ မိဘပြည်သူကို ကျေးဇူးကန်း ညှဉ်းဆဲသတ်ဖြတ်နေတဲ့ စစ်အာဏာရှင် သစ္စာခံတပ်ဟာ သွားလေရာလာလေရာမှာ ကြမ္မာဆိုးအမျိုးမျိုးဝင်နေတဲ့ သတင်းတွေကိုလည်း အားလုံးသိကြပြီး ဖြစ်ပါတယ်။ ကျွဲခတ်လို့ သေကြရ၊ တောဝက်ပက်လို့ အသက်ဆုံးကြရ၊ မြွေပွေးကိုက်လို့ သေရ၊ ခွေးကိုက်ခံရ ပျားတုပ်ခံရလိုခံရနဲ့ ကံကြမ္မာမလှပဘဲ ဘဝဆုံးနေကြရပါပြီ။ အောင်ပွဲရသည့်တိုင် အဆုံးထိ တိုက်ပွဲဝင်ကြမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်း အလွန်လျင်မြန်စွာ အင်အားကြီးမားလို့ လာနေပါပြီ။ 

ဒါကြောင့် တစတစ အင်အားချည့်နဲ့ပြီး ပစ္စန္တရစ်အရပ်လို ဖြစ်လာတဲ့ စစ်တပ်ကို စွန့်ခွာနိုင်ဖို့  မှန်ကန်ရဲရင့်စွာ ဆုံးဖြတ်ရွေးချယ်နိုင်မှသာ ဒီတဘဝအတွက်သာမက သံသရာခရီးအတွက် ပြန်ဆပ်ရမယ့် ကြွေးဆိုးတွေ မတင်ကျန်ရစ်မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013