DVB Logo
Home
မြန်မာသတင်း
တီးတိန်နှင့် ဖလမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
DVB
·
January 16, 2022
တီးတိန်နှင့် ဖလမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
Donate to DVB

ချင်းပြည်နယ် တီးတိန်နဲ့ ဖလမ်းမြို့နယ်တို့မှာ ဇန်နဝါရီ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တီးတိန်မြို့နယ် သိုင်းငင်းရွာဘက်ကို ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား ၇ ယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ CDM-Syin တပ်ဖွဲ့ဆီက သိရပါတယ်။

ကလေး-တီးတိန် လမ်းမပေါ်က ဟိန်းဇံရွာနားမှာလည်း ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ် ၄ ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး သေနတ် ၂ လက် သိမ်ဆည်းနိုင်ခဲ့တယ်လို့ CDM-Syin အဖွဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ရှေ့ကို ဆက်မတိုးနိုင်အောင် ခုခံတိုက်ခိုက်ခဲ့တာကြောင့် ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာရရဲဘော် ၇ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေနေရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းတောင်ဘက်ကို ​ကလေးတက္ကသိုလ်ကနေ တာဝေးပစ်အမြှောက်တွေနဲ့ ၆ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့  ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းအတွဲလိုက်နဲ့တိုက်ခိုက်ရာမှာ စစ်ကောင်စီ ၄ ယောက်သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က သိရပါတယ်။ 

ဇန်နဝါရီ ၁၅ ရက် မနက် ၁၀ နာရီလောက်ကနေ ညနေ ၅ နာရီခွဲအချိန်လောက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲဟာ ၇ နာရီလောက်အထိ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

ကလေးမြို့နယ်ဘက်က ချင်းပြည်နယ်ကို တက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကိုပါ အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်မနက် ၃ နာရီကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်ဟာ  မွှန်လီကျေးရွာနဲ့ ဗားရ် စခန်းကြားအရောက်မှာ CNDF တပ်ဖွဲ့ထောင်ထားတဲ့ မိုင်းတစ်လုံးနင်းမိ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး ကာဗားရ်စခန်းမှာ ညအိပ်စခန်းချခဲ့တယ်လို့ သိရပါတယ်။

ချင်းတောင်ဘက်ကို တက်လာတဲ့စစ်ကောင်စီ အင်အား ၁၀၀ကျော်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ  ဇန်နဝါရီ ၁၃ ရက်ကလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ Zoland PDFကသိရပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ CNDF၊ CNA ၊ CDF-KKG ၊ Zoland – PDF၊ CDM တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။  

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဖလမ်း-ကလေး ၊ ဖလမ်း- ဝေဘူလ လမ်းတွေကို ခရီးမသွားလာကြဖို့ CNDFက သတိပေးထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတဲ့အခြေအနေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013