DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများနှင့်အတူ ရပ်တည်၊ လူမျိုးဘာသာမခွဲခြား ကူညီမည်ဟု ကက်သလစ် ဆရာတော်များ ကြေညာ
DVB
·
January 15, 2022
မြန်မာပြည်သူများနှင့်အတူ ရပ်တည်၊ လူမျိုးဘာသာမခွဲခြား ကူညီမည်ဟု ကက်သလစ် ဆရာတော်များ ကြေညာ
Donate to DVB

မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပြီး ပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို လူမျိုးဘာသာမခွဲခြား တယောက်ချင်းစီအတွက် ဖြည့်တင်းပေးသွားမယ်လို့  မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်(စီဘီစီအမ်)က ထုတ်ပြန်ကြေညာပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှ  ၁၄ ရက်အထိလုပ်တဲ့ ပထမအကြိမ် အထွေထွေညီလာခံကနေ သဘောထား ထုတ်ပြန်တာဖြစ်ပြီး နိုင်ငံအတွင်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် အင်မတန် ဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာ လူဦးရေ ထောင်ချီ ရွှေ့ပြောင်းနေကြရသလို သန်းနဲ့ချီ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရလို့ စီဘီစီအမ်အနေနဲ့ လူမျိုးဘာသာမရွေး ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေက အပြစ်မဲ့ပြည်သူတွေ၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ မကျန်းမာသူတွေရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံမှုအတွက် အများကြီး စိုးရိမ်မိတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

လက်ရှိမှာ အသက်ဘေးလွတ်ရာ ပြောင်းရွှေ့လာကြတဲ့ ပြည်သူတွေ၊ ယုံကြည်သူတွေအတွက် ဝိညာဉ်ရေးနဲ့ ကာယရေးဆိုင်ရာတွေမှာ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြတဲ့ ကက်သလစ် ဘုန်းတော်ကြီးတွေ၊ ကိုရင်ကြီးတွေ၊ သီလရှင်တွေနဲ့ ဓမ္မဆရာ/ဆရာမတွေ၊ စေတနာ့ဝန်ထမ်းတွေကို အထူးကျေးဇူးတင်ပြီး ဆက်ပြီးတော့ လူမျိုးဘာသာမရွေး၊ နေရာဒေသမခွဲခြား ဒုက္ခသည် အားလုံးအတွက်လည်း မေတ္တာစေတနာလုပ်ငန်းတွေ၊ အနစ်နာခံ ကူညီသွားကြဖို့လည်း အထူးတောင်းဆိုတယ်လို့ ဆိုပါတယ်။

ပြီးတော့ စီဘီစီအမ်အနေနဲ့ ကမ္ဘာတဝန်းက ကက်သလစ် သာသနာတော်ကြီးနဲ့သာမက ကူညီ လှူဒါန်းပေးလိုတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက် မိတ်သဟာယဖွဲ့ပြီး မြန်မာပြည်သူပြည်သားတွေကို ကျောသားရင်သား မခွဲခြား ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် အခြေခံလိုအပ်တဲ့ လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းတွေ ပို့ဆောင်ထောက်ပံ့နိုင်ဖို့ တာဝန်ရှိသူအားလုံးက စီစဉ်ဆောင်ရွက်ပေးဖို့ တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ ပြန်လည်ကျေအေးမှုကို လက်ကိုင်ထားတဲ့ စီဘီစီအမ်အနေနဲ့ အလေးအနက် တောင်းဆိုတယ်လို့ ဆိုပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်မှု အခွင့်အရေးတို့ဟာ ဘယ်သောအခါမှ၊ ဘယ်အရာနဲ့မှ လဲလှယ်မရတာကြောင့် လူ့အသက်ကို တန်ဖိုးထားတဲ့၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သန့်ရှင်းမြင့်မြတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို အထူးပင်လေးစားဖို့ကိုလည်း တောင်းဆိုထားပါတယ်။

စီဘီစီအမ်ဟာ ယုံကြည်မှုကိုအခြေခံတဲ့ ဘာသာရေးအဖွဲ့အစည်းဖြစ်လို့ ဘုရားသခင်မှာ အရာအားလုံး ဖြစ်နိုင်တယ်ဆိုတာကို အလေးအနက်ယုံကြည်ပြီး မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းမှုတည်ဆောက်နိုင်ဖို့ ဒေသဆိုင်ရာ ကက်သလစ်သာသနာနယ်အသီးသီးအနေနဲ့ တတ်နိုင်တဲ့ နည်းလမ်းမျိုးစုံ၊ အထူးသဖြင့် စဉ်ဆက်မပြတ် ဆုတောင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013