DVB Logo
Home
Lead Story
မိမိကိုယ်ပေါ်တွင် သစ်ပင်နှစ်ပင် စိုက်ပျိုးခြင်း
DVB
·
January 15, 2022
မိမိကိုယ်ပေါ်တွင် သစ်ပင်နှစ်ပင် စိုက်ပျိုးခြင်း
Donate to DVB

( ၁ )

၁၉၉၂… မာနယ်ပလော။

အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်လမ်းကလေးထဲ မြူတွေဆိုင်းနေခဲ့တယ်။

ရုံးချုပ်ရှေ့ လမ်းပေါ်ရပ်ပြီး ဘောနော်လေးတောင်ထိပ် မော့ကြည့်ရတယ်။ တောင်ထိပ်ကို မြူတွေကြား မြင်ရတချက် မမြင်ရတချက်။ ချက်ချင်းဆိုသလို မနေ့က ရေးခဲ့တဲ့ ကဗျာလေး သတိရသွားတယ်။

နံနက်ခင်း

ပြူတင်းကိုဖွင့်လျင်

တောင်ကို မြင်ရမယ်။

တောင်ထိပ်မှာ

ဂန္ထဝင်ဆန်တဲ့မြူခိုးတွေ

တနွဲ့နွဲ့ ခွေရစ် ရိုမန်းတစ်ကဗျာ....။

(ဘောနော်လေးရဲ့ စိမ်းလန်းသော ဆည်းဆာများ...)

ရောက်လာတာ မကြာသေးတော့ ဘယ်အရာမဆို ဘယ်နေရာမဆို စိတ်ထဲ စူးခနဲ ရဲခနဲ ထိထိရှရှ ဖြစ်ရတယ်။

ကျနော်တို့ရုံးချုပ် (NLD L.A) ရှေ့ တောင်မြောက်တန်းနေတဲ့ မြေနီလမ်းကလေးရဲ့ မြောက်ဘက်လမ်းထိပ် စိုက်ထားတဲ့ ဆိုင်းဘုတ်ကလေးက “ဒေါ်အောင်ဆန်းစုကြည်လမ်း” တဲ့။ ပြီးတော့ လမ်းထိပ်နဲ့ကပ်လျက် ကိုက်နှစ်ဆယ်ခန့်မှာရှိတဲ့ တဲသာသာအိမ်ကလေးက စာရေးဆရာ နိုင်ဝင်းဆွေရဲ့ အိမ်တဲ့။

ဒီ ဒေါ်အောင်ဆန်းစုကြည်လမ်းကလေးက ကျနော်တို့ရုံးချုပ်ရှေ့က ဖြတ် ညာဘက်နည်းနည်းကွေ့ရင် ကိုစိုးဝင်းညို(ကွယ်လွန်)တို့ရဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံးရှေ့ကို ရောက်ပါတယ်။ ပြီးတော့ သောင်ရင်းမြစ်သောင်ပြင်ကို ဆင်းပါတယ်။ ကျနော့်အထင် ဒေါ်အောင်ဆန်းစုကြည်လမ်းကလေးရဲ့ အရှည်က ဆယ်မိနစ်သာသာ လမ်းလျှောက်လိုက်ရင် အစအဆုံး ​လျှောက်လို့ရလောက်အောင်ပဲ ရှည်ပါတယ်။ ဒါပေမဲ့ DAB ရုံးနဲ့ ကချင်ကုန်း တောင်ကမ်းပါးယံအောက်မှာ ရှိတာရယ်၊ မယ်တုက္ခီစမ်းချောင်းဆီက ကြားနေရတဲ့ ရေစီးသံရယ်၊ မြန်မာနိုင်ငံ ရဟန်းပျိုများသမဂ္ဂကုန်းတော်ဆီက မနက်တိုင်း ကြားရတဲ့ ကြေးစည်သံရယ်၊ အခုလို မြေနီလမ်းကလေးပေါ် မြူတွေဆိုင်းနေတာရယ်က ကျနော့်နှလုံးသားကို တစိမ့်စိမ့် စွဲရစ်ထားသလို ဖြစ်နေစေပါတယ်။

ကျနော် နေခွင့်ရတဲ့နေရာက မယ်တုက္ခီစမ်းချောင်းနဲ့ တော်တော်နီးပါတယ်။ ကျနော်က ရုံးချုပ်ရုံးခန်းရဲ့ နောက်ကျောဘက် အဖီအောက်မှာ ကိုယ့်ဘာသာကိုယ် ရှာကြံရထားတဲ့ ထရံစုတ်ကလေးနဲ့ ဘေးနှစ်ဘက်ကာ အခန်းဖွဲ့ နေတာပါ။ ရဲဘော်တစ်ယောက်ရဲ့ အကူအညီနဲ့ ဝါးတိုင်ဝါးခြမ်းခင်း ခုတင်လေးနဲ့အိပ်တာပါ။ ရုံးနောက်ဖေးထရံကို ခေါင်းပြုပြီး ခြေရင်းဘက်ကိုတော့ ဟာလာဟင်းလင်းထားလိုက်ပါတယ်။ အဲဒီအခန်း အဲဒီအိပ်စင်လေးထဲက ခေါင်းငုံ့ပြီး ထွက်ရပ်လိုက်ရင် သုံးလေးလှမ်းအကွာမှာ မယ်တုက္ခီစမ်းချောင်းက ရေတဝေါဝေါနဲ့ စီးနေပါတယ်။ ၂၄ နာရီမပြတ် စီးနေတဲ့ ရေစီးသံက အစပိုင်းမှာ အိပ်မရအောင် ဆူညံတယ်လို့ ထင်ရပေမယ့် တပတ်မကြာဘူး။ ညအိပ်ရင် ရေစီးသံကြားမှ အိပ်လို့ရသလို နားယဥ်သွားပါတယ်။

တကယ်တော့ မာနယ်ပလောဆိုတာ ဗမာပြည်တော်လှန်ရေးသမိုင်းမှာ အထင်ကရ လွတ်မြောက်တဲ့ နယ်မြေတစ်ခုပါ။ အိမ်ခြေ တသောင်းကျော်ခန့်နဲ့ လူဦးရေ သုံးသောင်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်တွန်းလှန်ကြတဲ့ ကရင်တော်လှန်ရေး ခြေကုပ်စခန်းကြီးပါ။ စခန်းတည်ထောင်ထားရှိတာ ဆယ့်ငါးနှစ်ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။ 

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲပြီးတဲ့နောက် ဒီမိုကရေစီဘက်တော်သားတွေဟာ ကရင့်တော်လှန်ရေးစခန်း မာနယ်ပလောကို ရောက်လာကြပါတယ်။ ရောက်လာတဲ့ လူငယ်အများစုက ကရင်တော်လှန်ရေးခေါင်းဆောင်များရဲ့ အကူအညီနဲ့ ကျောင်းသားတပ်မတော်ဆိုတာကို ထူထောင်ဖွဲ့စည်းကြပါတယ်။ လက်နက်ကိုင်တော်လှန်ရေး ဆက်လုပ်ကြပါတယ်။

၁၉၉၀ ပြည့်ရွေးကောက်ပွဲပြီးတော့ စစ်အစိုးရက ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာမလွှဲဘဲ အတင်းအဓမ္မ ဖိနှိပ်ဖမ်းဆီးမှုတွေ လုပ်တော့လည်း အနိုင်ရပါတီ NLD ရွေးကောက်ခံအမတ်တွေ ပါတီဝင်တွေဟာ မာနယ်ပလောကို ထပ်မံရောက်ရှိလာကြပြန်ပါတယ်။ ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရ(NCGUB) ကို ထူထောင်ပါတယ်။ ပြီးတော့ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ မွန် အစရှိတဲ့ လူမျိုးစု လက်နက်ကိုင် ကိုယ်စားလှယ်ရုံးတွေလည်း ရှိပါတယ်။ ကျနော် နားလည်ထားတာကတော့ မာနယ်ပလောဟာ ဗမာပြည် လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ အမြင့်မားဆုံး ထူထောင်နိုင်ခဲ့တဲ့ တပ်ပေါင်းစုစခန်းကြီးပါပဲ။

ကျနော်က သေနတ်ပစ်တာတော့ မကျွမ်းကျင်ပါဘူး။ ဒီတော့ စာရေးတာကိုပဲ စွဲစွဲမြဲမြဲ လုပ်ပါတယ်။ လွတ်မြောက်နယ်မြေက ထုတ်ဝေသမျှ စာစောင်စာတမ်းတွေမှာ ကဗျာတွေ ခရီးသွားဆောင်းပါးတွေ အားသွန်ခွန်စိုက် ရေးတယ်။ ကွင်းဆင်းသတင်းထောက်လည်း လုပ်တယ်။ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ဖာပွန်မြို့နယ်တွေ နှစ်စဥ် ဆင်းတယ်။ သတင်းတွေ ယူတယ်။ ပြည်ပအသံလွှင့်ဌာနတွေ စာစောင်စာနယ်ဇင်းတွေဆီ ပို့တယ်။ 

ဒီတုန်းက မာနယ်ပလောမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ဆိုင်းသံ ဗုံသံ မစဲခဲ့ဘူး။ မှတ်မှတ်ရရ စာဆိုတော်နေ့ အခမ်းအနားတွေနဲ့ ကဗျာရွတ်ပွဲတွေတောင် ကျင်းပနိုင်ခဲ့ကြတာပဲ။

( ၂ )

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ တစ်ခုသော နံနက်ဆည်းဆာအချိန်...။

သောင်ရင်းမြစ် ရေစပ်ကိုဆင်းမယ်လုပ်တော့ အတွေးစကို ဖြတ်လိုက်ရပါတယ်။

ကျနော်ရပ်နေရာရဲ့ အထက်ဘက် ချုံစပ်ကနေပြီး ငှက်တစ်ကောင် အလန့်တကြား ထပျံပါတယ်။ တက်ကိုတဖက်ကကိုင်၊ ကျန်လက်တဖက်က ရေခွက်ကိုင်ထားတဲ့ လှေသမားကြီးက ရောက်တဲ့နေရာမှာ ရပ်ပြီး နေရာအနှံ့ အကဲခတ်ပါတယ်။ ပြီးမှ ရေစပ်ကို ဆင်းပါတယ်။ လှေလိုလို နွားစားကျင်းလိုလိုထဲက တဝက်မကရှိနေတဲ့ ရေကို အသံမမြည်အောင် ခပ်ထုတ်ပါတယ်။ သူ့အခြေအနေကို ကြည့်ပြီးမှ ကျနော်လည်း လှေဆိပ်ကို ဆင်းပါတယ်။ အဝတ်အစား နှစ်စုံသာ ထည့်ထားတဲ့ ကျောပိုးအိတ်ကို ပုဆိုးနဲ့လုံးထွေးပတ်ထုပ်ပြီး စလွယ်သိုင်းလျက် လှေနံတဖက်ကို လက်တဖက်နဲ့ ဖေးကိုင်လျက် သောင်ရင်းမြစ်ရဲ့ တဖက်ကမ်းကို ကူးလာခဲ့ပါတယ်။

တဖက်ကမ်း ကိုင်းပင်အုပ်အမှောင်ရိပ်က လူတယောက် ထွက်လာပြီး သူဦးဆောင်ရာနောက် အသံမပြုဘဲ လိုက်လာလိုက်ပါတယ်။

ကားလမ်းတစ်ခုကို မရောက်ခင် စိုက်ခင်းတချို့ ရေမြောင်းတချို့ကို တိတ်ဆိတ်စွာ ဖြတ်လျှောက်လာစဥ် ကျနော့်အတွေးက တဖက်ကမ်း သောင်စပ်မှာ ဖြတ်ထားခဲ့ရတဲ့ အတွေးစကို ဆက်ပြီးတွေး ဆက်ပြီးနိဂုံးချုပ်နေမိပြန်ပါသေးတယ်။

ကျနော်တို့ဟာ တချိန်တုန်းကလည်း သစ်ပင်တစ်ပင် စိုက်ခဲ့ဖူးကြတယ်။ အဲဒီသစ်ပင်လေး အခက်အလက် ဝေဆာစမှာ အပင်ကလေး ညှိုးနွမ်းသွားရတယ်။ အသီးတွေ၊ အပွင့်တွေ မသီးနိုင်မပွင့်နိုင် ဖြစ်ပြီး အပင်ကလေး သေခဲ့ရတယ်။ ဘာကြောင့်လဲ၊ ဘယ်လို မှားယွင်းမှုတွေကြောင့်လဲ။

အခု ကျနော်တို့ နောက်ထပ်သစ်ပင်တစ်ပင် ထပ်စိုက်ကြရပြန်ပြီ။ အရင်သေသွားရတဲ့ သစ်ပင်လို မသီး မပွင့်ရဘဲ သေသွားရတာမျိုး မဖြစ်ရအောင် ကျနော်တို့ ဘာတွေကိုဆောင်၊ ဘာတွေကို ရဲဝံ့စွာ ရှောင်ကြရမလဲ။

အရှေ့ဘက် အပြာရောင်တောင်တန်းပေါ် နေရောင်ခြည်တွေ ပျို့အန်ပေါ်ထွန်းလာချိန် ကျနော်ဟာ ဆိုင်ကယ်တစ်စီးရဲ့ နောက်ခုံမှာထိုင်ရင်း ​လှပသပ်ရပ်လွန်းတဲ့ မြို့ကလေးတမြို့ထဲ မြွေတစ်ကောင်လို တိုးဝင်လာခဲ့ပါတယ်။   ။

​မှိုင်းနု

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013