DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းသက်တမ်း ထပ်တိုးမည်ဟု စစ်ကောင်စီပြော
DVB
·
January 14, 2022
အာဏာသိမ်းသက်တမ်း ထပ်တိုးမည်ဟု စစ်ကောင်စီပြော
Donate to DVB

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အာဏာသိမ်းယူထားတဲ့ သက်တမ်း ထပ်တိုးသွားမယ်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဇန်နဝါရီ ၁၄ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ပါတီရှုံးနိမ့်သွားပြီးနောက် မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး အရေးပေါ်အခြေအနေကြေညာကာ စစ်တပ်က နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းယူခဲ့တာဟာ အခုလာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ဆိုရင် တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

အရေးပေါ်အခြေအနေရဲ့ အချိန်ကာလသတ်မှတ်ချက်ဟာ တစ်နှစ်ဖြစ်တဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၁ ရက် နေ့ဆိုရင် သက်တမ်းပြည့်ပြီဖြစ်လို့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သက်တမ်းတိုးဖို့ကို ဥပဒေနဲ့အညီဆောင် ရွက်သွားမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုတာဖြစ်ပါတယ်။

“ဒီဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ တစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ တစ်နှစ်ပြည့်မြောက်ပြီးရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ရှိပြီးဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့က ရှိနေတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အခြေနေတင်ပြပြီး ကျနော်တို့ သက်တမ်းတိုးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ဥပဒေနဲ့အညီဆောင် ရွက်သွားမယ်လို့ စစ်ကောင်စီက ပြောနေပေမဲ့ စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက ဥပဒေနဲ့ညီညွတ်ခြင်း မရှိဘဲ တရားမဝင်အာဏာသိမ်းခဲ့တာလို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။ 

စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ် အခြေအနေမှာ  နိုင်ငံတော်သမ္မတကသာ စစ်တပ်ကို အာဏာလွှဲပေးခွင့်ရှိတာဖြစ်ပါတယ်။  စစ်တပ်အာဏာ သိမ်းချိန်ဟာ နိုင်ငံတော်မှာအရေးပေါ် အခြေအနေမဟုတ်သလို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာလည်း ကျန်းမာစွာနဲ့ နိုင်ငံတော် တာဝန်တွေကို ပုံမှန်ထမ်းဆောင်နေချိန်ဖြစ်ပြီး အစိုးရသက်တမ်းလည်း ကုန်ဆုံးခြင်း မရှိသေးပါဘူး။ 

စစ်ကောင်စီ တရားမဝင်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လာရောက် ဖမ်းဆီးစဉ် ကျန်းမာရေးအကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်ခိုင်းခဲ့ ကြောင်း၊ စစ်တပ်အနေနဲ့ ဥပဒေနဲ့အညီပဲ လုပ်သင့်ပြီး အာဏာမသိမ်းသင့်ပါဘူးလို့ ပြောခဲ့တဲ့ အကြောင်း သမ္မတ ဦးဝင်းမြင့်က တရားခွင့်မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ 

စစ်တပ်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းသက်တမ်းတိုးတာနဲ့ ပတ်သက်ပြီလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ပုဒ်မ ၄၂၁ မှာ နိုင်ငံတော်သမ္မတအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းကိုပေးအပ်ထားတဲ့တာ၀န်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြင့်ပေးရန် အကျိုးအကြောင်းဖော်ပြပြီး တင်ပြလာပါက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013