DVB Logo
Home
မြန်မာသတင်း
တယ်လီနော ဆင်းမ်ကတ်များ ဈေးတက်
DVB
·
January 14, 2022
တယ်လီနော ဆင်းမ်ကတ်များ ဈေးတက်
Donate to DVB

ရန်ကုန်မှာ တယ်လီနော ဆင်းမ်ကတ်တွေဝယ်ယူပါက တကတ်ကို  ကျပ် ၃၅၀၀ အထိဈေးပေါက်နေတယ်လို့  ဆင်းမ်ကတ် ရောင်းချတဲ့ ဈေးကွက်ကနေ သိရပါတယ်။

ဈေးကွက်အတွင်း တယ်လီနောဆင်းမ်တွေ အဝင်မရှိတော့ပဲ လက်ရှိဈေးကွက်အတွင်း ကျန်ရှိနေတဲ့ ဆင်းမ်ကတ်တွေကိုသာ ဆက်လက်ရောင်းချနေရတာဖြစ်လို့ ဈေးနှုန်းမြင့်တက်နေတာလို့ ဆင်းမ်ကတ် ရောင်းချသူတွေက ပြောပါတယ်။

ကမာရွတ် လှည်းတန်းမှာ ဆင်းကတ်ရောင်းနေသူ တစ်ဦးက“ကျနော်တို့ တယ်လီနောဆင်းကတ်တွေ ဝယ်လို့မရတော့ဘူးဖြစ်နေတယ်။ အခုရောင်းနေတာကလည်း အရင်လက်ကျန်တွေ။ အဲဒါတွေကုန်ရင် ရောင်းစရာမရှိတော့ဘူး။ ၃၅၀၀ ဆိုတာက ဘေတစ်ထောင်ပါပြီး၊ မှတ်ပုံတင်ပြီးသားပါ”လို့  ပြောပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ပျံကျရောင်းနေသူတွေရဲ့ ဆင်းမ်ကတ်ဈေးနှုန်းတွေကတော့ အော်ရီဒူးနဲ့ MPT ဆိုလျှင် ကျပ် ၂၅၀၀ (ဘေတစ်ထောင်ကျပ်)ရှိပြီး Mytel ဆင်းမ်ကတ်ဆိုရင်တော့ ကျပ် ၂၀၀၀( ဘေတစ်ထောင်ပါအပြီး) သာကျသင့်မယ်လို့ သိရပါတယ်။

လတ်တလော ဆင်းမ်ကတ် တကတ်ကို  ကျပ် ၂ သောင်းနှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် တစ်ကြိမ်တည်း ကျသင့်စေရမယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၆ ရက်နေ့က အခွန်ကောက်ဥပဒေတစ်ခုကို ပြင်ဆင် ထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်အထိတော့ ဈေးကွက်အတွင်း ပုံမှန်ဈေးနှုန်းနဲ့ ရောင်းချနေဆဲဖြစ်ပါတယ်။

အင်းစိန်မြို့နယ်က မိုင်းဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက“နှစ်သောင်းဆောင်ရမှာ လာမယ်လို့တော့ပြောတယ်ဗျ။ အခုထိတော့မလာသေးဘူး။ ပြီးတော့ ကတ်အဟောင်းတွေလည်း နှစ်သောင်းကောက်မယ် သတင်းတွေကြားနေရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ဖုန်းဆင်းမ်ကတ်တွေ၊ မိုဘိုင်းဒေတာ ဝန်ဆောင်မှုတွေအတွက် အခွန်တိုးကောက်မယ်လို့ ကြေညာပြီးနောက်မှာ တယ်လီနောမြန်မာကလည်း သုံးစွဲသူတွေကို စျေးနှုန်းတွေ တိုးမြှင့်သတ်မှတ်မယ်လို့ ကြေညာထားပါတယ်။ 

စစ်ကောင်စီဟာ ဆင်းမ်ကတ်အသစ်တွေအတွက် ကုန်သွယ်အခွန် ကျပ် ၂ သောင်း တိုးမြှင့်မယ့်အပြင် ဒေတာဝန်ဆောင်မှုမှ ရရှိငွေအပေါ် ၁၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံပါတယ်။ တယ်လီနောရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ဒေတာစျေးနှုန်း ပြောင်းလဲခြင်းအတွက် ပြင်ဆင်ထားဖို့လည်း သတိပေးထားပါတယ်။

တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group အုပ်စုကို ရောင်းချဖို့ စစ်ကောင်စီထံမှ ရောင်းချခွင့်အတည်ပြုချက်ရရှိရေး ဆောင်ရွက်နေကြောင်း နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောအုပ်စုက ၂၀၂၁ စက်တင်ဘာ ၁၅ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်တယ်လီနောက Wave Money မှာပိုင်ဆိုင်ထားသည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကိုလည်း Yoma Strategic Holding ကုမ္ပဏီကို ရောင်းမယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013