DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ကျူးကျော်ရပ်ကွက်များကို စစ်ကောင်စီက အဓမ္မနည်းဖြင့် ဖယ်ရှားရှင်းလင်းနေ
DVB
·
January 12, 2022
နိုင်ငံတဝန်း ကျူးကျော်ရပ်ကွက်များကို စစ်ကောင်စီက အဓမ္မနည်းဖြင့် ဖယ်ရှားရှင်းလင်းနေ
1 / 3
Donate to DVB

ရန်ကုန်၊ မန္တလေးနဲ့ ပဲခူး အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့တိုင်းလိုလိုမှာ ကျူးကျော်ရပ်ကွက်တွေကို စစ်ကောင်စီက အဓမ္မဖိအားပေး ဆက်လက်ရှင်းလင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အရင်က ကျူးကျော်ရပ်ကွက်က နေအိမ်တွေကို မြို့နယ်အလိုက် ရှင်းလင်းတာ ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တပြိုင်တည်းရှင်းဖို့ ဇန်နဝါရီ ၂ ရက်ကတည်းက  ရပ်ကွက်အလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖိအားပေး လိုက်လံ သတိပေးနေတယ်လို့ ကျူးကျော်ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ 

မန္တလေးက ညောင်ကွဲရပ်ကွက် အောင်ချမ်းသာရပ်ကွက်နဲ့ တခြားကျူးကျော်ရပ်ကွက်တွေ၊ ရန်ကုန် ဖယ်ရှားဖို့ ကျန်နေသေးတဲ့ လှိုင်သာယာ၊ ဒလ၊ ဆိပ်ကမ်းမြို့နယ်တွေနဲ့ ရထားသံလမ်းဘေး နေပြည်သူတွေတွေကို ဖယ်ရှားရှင်းလင်းနေတာပါ။

ပဲခူးအစရှိတဲ့ တိုင်းဒေသကြီးတွေရဲ့ မြို့နယ်တချို့မှာတော့ ဇန်နဝါရီ ၁၂ ရက်ထက် နောက်မကျဘဲ ပြောင်းရွှေ့ဖို့၊ နေအိမ်အဖျက်ပြဖို့တွေ လုပ်ဆောင်ရမယ်လို့ ပြောဆိုထားပါတယ်။ 

ကျူးကျော်ရပ်ကွက်နေ ရပ်ကွက်နေ ပြည်သူတစ်ဦးက "အကြမ်းဖက်စစ်ကောင်စီကတော့ ကျနော်တို့ရပ်ကွက်တွေမှာ PDF တွေ အများဆုံးစုနေတတ်တယ် ခိုလှုံတတ်တယ်ဆိုပြီး  လာရောက်စစ်ဆေးတာတွေ ရှာဖွေတာတွေ ရှိတယ်။ အခုလည်း ဒီအတွက်ပဲ အမြန်ပြောင်းရွှေ့ခိုင်းတာလို့မြင်ပါတယ်။ မနက်ဖြန်မှ တစ်ခုခု အဖျက်မပြနိုင်ရင်တော့ တစ်ခုခုလုပ်မယ် ထင်ပါတယ်“လို့ ပြောပါတယ်။ 

ဖယ်ရှားရှင်းလင်းခံရတဲ့ ပြည်သူသောင်းနဲ့ချီ ရှိနေပြီး သူတို့အတွက် စစ်ကောင်စီက တစုံတရာနေထိုင်ရေးစီစဉ်ပေးတာမျိုးလည်း မရှိပါဘူး။

ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေဟာ စားဝတ်နေရေး မပြေလည်သူတွေများတာကြောင့် အခုလို စစ်အာဏာသိမ်းမှုနဲ့၊ ကိုဗစ်ကြောင့် စီးပွားရေး ကျပ်တည်းနေတဲ့အတွက်  ချက်ချင်း ပြောင်းရွှေ့ဖို့ကလည်း အခက်အခဲရှိနေကြပါတယ်။

ကျူးကျော်ရပ်ကွက်နေ ပြည်သူတစ်ဦးက  "အသနားခံစာတင်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ အကြောင်းတော့ထူးမယ်မထင်ဘူး။ တချို့မြို့ခံတွေကလည်း ကျူးကျော်ရပ်ကွက်တွေကို ပျောက်သွားစေချင်ကြတယ်။ ကျူးကျော် ရပ်ကွက်တွေက ဒုစရိုက်မှုတွေနဲ့ အကြမ်းဖက်တာတွေ ရှိနေတော့ သူတို့ပပျောက်စေချင်တာတော့ မမှားပါဘူး။ ကျနော်တို့အနေနဲ့လည်း စီးပွါးရေးအကျပ်အတည်းကြောင့် ခိုကိုးစရာနေရာတစ်ခုအဖြစ်နဲ့ ဒီနေရာမှာ မှီခိုနေရတာပါ။"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေကို အတင်းအကျပ် ဖယ်ရှားတာတွေကို ရပ်တန့်ဖို့နဲ့ ပြောင်းရွှေ့ပေးရတဲ့ နစ်နာသူမိသားစုတွေကို စားစရာနဲ့ ထောက်ပံ့ကြေးငွေပေးဖို့ကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေက တောင်းဆိုထားပါတယ်။

စစ်အာဏာမသိမ်းခင် အန်အယ်လ်ဒီအစိုးရဟာ ကျူးကျော်တွေအတွက် စာရင်းကောက်ယူမှုတွေ၊ စမတ်ကတ်တွေထုတ်ပေးတာနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်ဖို့တွေ လုပ်ဆောင်ပေးခဲ့ပေမဲ့ ဒီအစီအစဉ် မပြီးပြတ်သေးခင် အာဏာသိမ်းခံခဲ့ရပါတယ်။ 

စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ကျူးကျော်ရပ်ကွက်က ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်တွေက အပြင်းအထန်အကြမ်းဖက် ဖြိုခွင်းတာတွေလည်း လုပ်ဆောင်ခဲ့ရပါတယ်။

ကျူးကျော်ရပ်ကွက်တွေဟာ PDF ရဲဘော်တွေ ခိုလှုံနိုင်တယ်ဆိုပြီး ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေကို အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေတာလို့  ယူဆသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာလည်း ကျူးကျော်ရပ်ကွက်တွေကို စစ်ကောင်စီက အကြမ်းဖက် ဖယ်ရှားမှုတွေကြောင့် ကျူးကျော်ရပ်ကွက်နေ မိသားစု ၈၀၀၀ ကျော် လူဦးရေ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီ ထောက်ပံ့ကြေး မရရှိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ 

စစ်တပ်အာဏာသိမ်းထားချိန်ကို အခွင့်ကောင်းယူ အာဏာသုံးပြီး  ကျူးကျော်တွေကို ဖယ်ရှားရှင်းလင်းကာ ဒီနေရာတွေမှာ စစ်ကောင်စီနဲ့ နီးစပ်ရာ အပေါင်းပါတွေဟာ မြေကွက်ရိုက်ရောင်းစားတာတွေ လုပ်ဆောင်နေကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013