DVB Logo
Home
မြန်မာသတင်း
ဝင်ငွေရလမ်းမပြနိုင်သည့် ဝင်ငွေအပေါ် ကောက်ခံသည့်အခွန် စစ်ကောင်စီလျှော့ပေး
DVB
·
January 11, 2022
ဝင်ငွေရလမ်းမပြနိုင်သည့် ဝင်ငွေအပေါ် ကောက်ခံသည့်အခွန် စစ်ကောင်စီလျှော့ပေး
Donate to DVB

ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ်ကောက်ခံတဲ့ အခွန်ရာခိုင်နှုန်းကို စစ်ကောင်စီက ထပ်မံ လျှော့ပေါ့ပေးတာဟာ ငွေဖြူလုပ်ချင်တဲ့သူတွေအတွက် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့  အခွန်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတဦးက သုံးသပ်ပြောပါတယ်။

ပြီးခဲတဲ့ ၂၀၁၉-၂၀ ပြည်ထောင်စုအခွန်အကောက်ဥပဒေပါ ပုဒ်မ-၂၅(က)အရ နိုင်ငံသားမည်သူမဆို အခြေပြပစ္စည်း တရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့ လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိတဲ့အပေါ် ငွေကျပ် ၁ ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ ကို ဝင်ငွေခွန်နှုန်းထား ၃ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ သတ်မှတ်ထားတာပါ။

ဒါကြောင့် စစ်ကောင်စီရဲ့ ခြေလှမ်းက ငွေဖြူလုပ်ချင်တဲ့သူတွေအတွက် လမ်းဖွင့်ပေးလိုက်တာ ဖြစ်တဲ့အကြောင်း အခွန်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတဦးက “ပုဒ်မ-၂၅ အရ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ဟာလေ။ အဲ့ဒီ့အတွက် လုပ်တဲ့ ပမာဏက အခုဆိုရင် ၁ ကျပ်ကနေ သိန်းသုံးထောင် အထိကို ၃ ရာခိုင်နှုန်း လျှော့ပေးလိုက်တယ်နော်။ ဒါက ငွေဖြူမပြနိုင်တဲ့ လုပ်ငန်းတွေကို သူတို့ပေးထားတဲ့ ရာခိုင်နှုန်းနဲ့ ရသွားအောင် လုပ်တာ။ ဘာကြောင့်လဲဆို ဒီအချိန်မှာ ဒီနှုန်းထားနဲ့ လုပ်လို့ရအောင် ဖွင့်ပေးလိုက်တာ။ အခုကတော့ ကာလတိုလေးပဲ။ ဒါပေမဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေ ၂၀၂၂-၂၃  ထွက်လာရင်ကော ဒီအတိုင်းပဲ ဆက်သွားမလားဆိုတာ မပြောနိုင်သေးဘူး။ စောင့်ကြည့်ရဦးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့  စစ်ကောင်စီက အရင်ပြဋ္ဌာန်းထားတဲ့ ၂၀၁၉-၂၀၂၀ ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြန်လည် ပြင်ဆင်ခဲ့ကာ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ငွေ ၁ ကျပ် မှ သိန်း ၃၀၀၀ အထိကို ဝင်ငွေခွန်နှုန်းထား ၃ ရာခိုင်နှုန်းသာ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီဥပဒေကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှ မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် အခွန်စည်းကြပ်မှုမှ ကင်းလွတ်နေပြီး ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ငွေတွေအပေါ် အခွန်ကောက်ခံမှုနှုန်းထား လျှော့ပေါ့ပေးတဲ့အခါ အိမ်ခြံမြေကဏ္ဍမှာ ဝင်ရောက်လာလေ့ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အလုပ်မဖြစ်တာ တွေ့ရပါတယ်။

ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “အရင်လိုတော့ တိုးပြီး ဝင်မလာကြဘူး။ ဒါပေဲ့ ခုနကပြောတဲ့ သိန်း သုံးထောင်အောက်ဟာတွေကိုတော့ နည်းနည်းလေး လိုက်ဝယ်ကြတာ ရှိပေမယ့် အရင်ကလို မြိုင်မြိုင်ဆိုင်ဆိုင်တော့ မဖြစ်ဘူး။ ပြီးတော့ ပေးထားတဲ့ ကာလကလည်း အရမ်းတိုတယ်လေ။ တိုတဲ့အတွက် နောက်ပြောင်းလဲမှုက ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အဲဒါကြောင့် အရင်ကလို တိုးဝင်မလာကြဘူး။ အရင်တုန်းကတော့ အချိန် တနှစ် ကာလအထိ ပေးတာဖြစ်လို့ စျေးပါရင် ပါတဲ့အရှိန်က နည်းနည်းလေး ရှည်နိုင်တာပေါ့။ အခုက ၃ လ ထဲဆိုတော့ အရမ်းတိုလွန်းတယ်။ နောက်တချက်က နိုင်ငံရေး အခြေအနေလည်း ပါမယ်ထင်တယ်။ ဒါကြောင့် တိုးဝင်မလာဘူး” လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကလည်း “ကြီးကြီးမားမား သက်ရောက်ပြောင်းလဲမှုတော့ မရှိနိုင်ဘူးလို့ ကျနော် ထင်တယ်။ ဘာလို့လဲဆို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း မရှိတဲ့အချိန်၊ ရှေ့အလားအလာကလည်း ဘယ်လိုမှ မျှော်ကိုးပြီး တွက်ချက်လို့မရတဲ့ အခြေအနေမျိုးမှာ စီးပွားရေးတခုကို အလားအလာကောင်းဖို့နဲ့ တိုးဝင်လာဖို့အတွက် အခွန်လျှော့ပေးတာလောက်နဲ့ သိပ်ပြီးတော့ ထိရောက်မှု မရှိနိုင်ဘူး။ ဒါက ကျနော် တယောက်တည်းရဲ့ အမြင်ပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက သတ်မှတ်ထုတ်ပြန်ထားတဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ၁ ကျပ် မှ သိန်း ၃ ထောင်အထိကို ၃ ရာခိုင်နှုန်း၊ သိန်း ၃ ထောင်မှ သိန်း ၆ ထောင်အထိကို ၅ ရာခိုင်နှုန်း၊ သိန်း ၆ ထောင်မှ သိန်း ၁ သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁ သောင်းမှ သိန်း ၃ သောင်းအထိကို ၁၅ ရာခိုင်နှုန်းနဲ့ သိန်း ၃ သောင်းအထက်ကို ၃၀ ရာခိုင်နှုန်း ကျခံရမည်လို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013