DVB Logo
Home
နိုင်ငံတကာ
နျူကလီးယားဖျက်သိမ်းရန် G7 တောင်းဆိုမှု မြောက်ကိုရီးယား ရှုတ်ချ
DVB
·
June 19, 2026
Photo: KCNA WEBSITE / KRT
Photo: KCNA WEBSITE / KRT
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အာဏာရှိလှတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက မြောက်ကိုရီးယားကို နျူကလီးယား ဖျက်သိမ်းဖို့ G7 အဖွဲ့ရဲ့ တောင်းဆိုချက်ဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ရိုက်ချိုးဖောက်ရာရောက်ပြီး အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်တာဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။

နျူကလီးယား ဖျက်သိမ်းရေးဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘဲ “နောက်ကြောင်းပြန်လှည့်လို့ မရအောင် အပြီးသတ် ဆုံးဖြတ်ထားပြီးသားကိစ္စ” ဖြစ်တယ်လို့ ကင်မ်ယိုးဂျုံက ပြောပါတယ်။

နျူကလီးယား ပိုင်ဆိုင်ထားတာဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိကအကျိုးစီးပွားဖြစ်သလို နောက်ပြန်ဆုတ်မှာမဟုတ်တဲ့လမ်းစဉ် ဖြစ်တယ်လို့လည်း KCNA က ဖော်ပြတဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတခုရဲ့ အဓိကအကျိုးစီးပွားကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားတဲ့သူဟာ "ကပ်ဘေးဆိုးကြီးကို ဖိတ်ခေါ်တဲ့ အဆိုးဝါးဆုံး ရွေးချယ်မှုကို လုပ်မိတာပဲ" လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

G7 ထိပ်သီးခေါင်းဆောင်တွေဟာ ဇွန် ၁၇ ရက် ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စီမံကိန်းတွေအပေါ် "အပြင်းအထန် စိုးရိမ်ကြောင်း" ဖော်ပြခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အတိုင်း မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား လုံးဝဖျက်သိမ်းရေးကို သူတို့ဘက်က ဆက်လုပ်မယ်လို့ ထပ်လောင်း အတည်ပြုခဲ့ကြတာပါ။

ဒါ့အပြင် G7 ခေါင်းဆောင်တွေက မြောက်ကိုရီးယားအစိုးရ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ကြပြီး မြောက်ကိုရီးယားရဲ့ ခရစ်ပတိုငွေကြေး ခိုးယူမှုတွေနဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ပူးပေါင်းကြိုးပမ်းကြဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013