DVB Logo
Home
မြန်မာသတင်း
တရုတ်ဆင်းမ်ကတ် မကြာခဏဖျက်သိမ်းမှုကြောင့် မြန်မာနိုင်ငံသားများ နစ်နာ
DVB
·
January 7, 2022
တရုတ်ဆင်းမ်ကတ် မကြာခဏဖျက်သိမ်းမှုကြောင့် မြန်မာနိုင်ငံသားများ နစ်နာ
Donate to DVB

တရုတ်-မြန်မာနယ်စပ်တလျှောက်က မြန်မာနိုင်ငံသားများ ကိုင်ဆောင်အသုံးပြုနေတဲ့ တရုတ်ဖုန်းဆင်းမ်းကတ် အများစုကို တရုတ်မိုဘိုင်းအော်ပရေတာတွေက မကြာခဏ ဖျက်သိမ်းနေတာကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ တရုတ်ဆင်းကတ်သုံးနေသူ မြန်မာနိုင်ငံသားတွေ များစွာနစ်နာနေရတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံသားတွေ ဝယ်ယူအသုံးပြုနေတဲ့ တရုတ်ဖုန်းဆင်းကတ်တွေကို အကြောင်းအမျိုးမျိုးပြပြီး တရုတ်ဘက်က ပိတ်သိမ်းနေတာကြောင့် မကြာခဏ ထပ်မံ ဝယ်ယူသုံးစွဲနေရတယ်လို့ ဆိုပါတယ်။

တရုတ်မိုဘိုင်းဆင်းမ်ကတ်တခုကို အနည်းဆုံး တရုတ်ယွမ်ငွေ ငါးဆယ် နဲ့ ပေးဝယ်ကြရပါတယ်။ တရုတ်ဖုန်းဆင်းမ်ကတ်ဝယ်ယူတဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ဝယ်ယူခဲ့ကြရတယ်လို့လည်း သိရပါတယ်။ ဆင်းမ်ကတ်ရောင်းတဲ့ ဖုန်းဆိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားကို မိတ္တူကူးယူထားပြီး တရုတ်လို အားလုံးဘာသာပြန်ပြီးမှ ဆင်းမ်ကတ်ကို ရောင်းချပေးတာပါ။

ဆင်းမ်ကတ်တကတ် ဝယ်ယူပြီးတာနဲ့ ဖုန်းဘေအနည်းဆုံး ယွမ် ၅၀ ကနေ ယွမ် ၁၀၀ အထိ လစဉ်ထည့်ထားကြတာဖြစ်ပြီး ဝယ်ယူပြီး နှစ်လသုံးလကိုင်ပြီးပါက ဆက်လက်အသုံးပြုလို့မရဘဲ ဆင်းကတ်ပိတ်သိမ်းတဲ့အကြောင်းသာ ပြန်ကြားပြီး ဘာကိုမှဆက်သွယ်မရတော့ဘူးလို့ ဖုန်းကတ် သုံးခါထက်မနည်း ပိတ်သိမ်းခံရသူတွေက ပြောပါတယ်။ 

ကန်ပိုင်တည်မြို့က ကုန်သည်တဦးက "ဟိုးအရင်ကလည်း ဒါမျိုးက ဖြစ်နေကျပါ။ ဒါပေမဲ့ ဒီဘက်နောက်ပိုင်း တော်တော်ဆိုးတယ်။ ခဏတိုင်းပိတ်တာ။ အပိတ်ခံရပြီးဆိုရင် ဖုန်းဘေတွေ ပက်ကေ့တွေ ဝယ်ထားတာတွေ အကုန်ဆုံးပြီ၊ အနည်း ယွမ် ၁၀၀ ဖိုးတော့ပါပြီ” လို့ ပြောပါတယ်။

တရုတ်-မြာနယ်စပ်တလျှောက် နေထိုင်သူ မြန်မာနိုင်ငံသားအများစုဟာ အင်တာနက်သုံးရတာ၊ တယ်လီဖုန်းပြောရတာတွေ အဆင်ပြေတာကြောင့် တရုတ်ဆင်းမ်ကတ်တွေကို အားထားသုံးနေကြရသလို တချို့နယ်စပ်တွေက မြန်မာမိုဘိုင်းအော်ပရေတာ လုံးဝမရရှိတာကြောင့် မဖြစ်မနေ သုံးနေရတာတွေလည်း ရှိတယ်လို့ အဆိုပါ ကုန်သည်က ဆက်ပြောပါတယ်။

“နယ်စပ်မှာက တရုတ်ဖုန်းနဲ့ တရုတ်ပိုက်ဆံနဲ့ပဲ အလုပ်လုပ်ကြရတာ အဆင်ပြေတော့ တရုတ်ဖုန်းပဲ အသုံးများတာ၊ ဒါသုံးမှပဲ အဆင်ပြေတာလေ။ တရုတ်ဖုန်းနဲ့ပဲ ဝီချက်ဖောက်ရတာ လွယ်တာလေ။” 

တရုတ်နိုင်ငံသားအားလုံးဟာ Wechat ကိုသာ အသုံးပြုပြီး ငွေသွင်းငွေလွှဲ အရောင်းအဝယ် လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် အဲ့ဒီနယ်စပ်တလျှောက်မှာနေတဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာလည်း တရုတ်ဆင်းမ်ကတ်ကိုသာ အဓိကသုံးစွဲနေကြတာပါ။ 

ဒါပေမယ့် လက်ရှိအချိန်မှာ မြန်မာနိုင်ငံသားတွေကို တရုတ်ဆင်းမ်ကတ် မရောင်းချတော့ဘူး ဆိုတာကြောင့် တရုတ်ဆင်းမ်ကတ်အသုံးပြုနိုင်ဖို့ တရုတ်နိုင်ငံသားကတ်အသုံးပြုမှ ဝယ်ယူလို့ ရတာမျိုးတွေရှိပြီး တခါတရံ ဒေါ်လာ ၅၀-၆၀ အထိ အကုန်အကျခံ ဝယ်ယူနေရတယ်လို့ မူဆယ်နယ်စပ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ 

"တရုတ်ဆင်းမ်ကတ် မှတ်ပုံတင်လိုမျိုးဖြစ်တော့ တရုတ်နိုင်ငံသားမှပဲ ရောင်းပေးတော့တယ်။ မြန်မာနိုင်ငံသားဆိုရင်တော့ မရောင်းတော့ဘူး။ တကယ်လို့ ဝယ်ရရင်တောင်မှ အဲ့ဒါ ၂ လ ၃ လ ဆိုရင် သုံးမရတော့ဘူး။ ဒါကြောင့်မို့ ပျက်နေတာ။ မူဆယ်ဘက်မှာတော့ မြန်မာဘက် ပြန်လာတဲ့သူတွေ အရင်က ဆင်းမ်ကတ် ဝယ်ထားတဲ့သူတွေ ရှိတယ် သူတို့တွေဆီက ပြန်ဝယ်တာမျိုးတော့ ရှိတယ်။" 

တရုတ်-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ မိုင်ဂျာယန် (kia ထိန်းချုပ်နယ်မြေ) လိုင်ဇာ (kia ထိန်းချုပ်နယ်မြေ)၊ မူဆယ်၊ နမ့်ခမ်း၊ မန့်ဟီးရိုး၊ မန်ဝိန်းကြီး ကျေးရွာတွေဟာ တရုတ်ဖုန်းကတ် အများဆုံး အသုံးပြုနေကြရတာပါ။

တရုတ်နိုင်ငံမှာ China telecom ၊ China Unico ၊ China Mobile ဆိုပြီး မိုဘိုင်းအော်ပရေတာ သုံးခုရှိပါတယ်။ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ တရုတ်ဆင်းမ်းကတ်အသုံးပြုသူ၊ တရုတ်ပြည်အတွင်းနေထိုင်ပြီး တရုတ်ဆင်းမ်ကတ်အသုံးပြုသူ မြန်မာနိုင်ငံသား ၁ သန်းနီးပါး ရှိနိုင်တယ်လို့  တရုတ်-မြန်မာနယ်စပ်နေထိုင်သူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ 

"ဒီနယ်စပ်နေထိုင်သူတွေက တရုတ်ဆင်းမ်းကတ် တခါဝယ်ရင် ဒေါ်လာ ၃၀ လောက် ပေးနေရတယ်။ ၃ လ တခါလောက် ဝယ်သုံးနေရတော့ သုံးစွဲတဲ့ မြန်မာလူဦးရေနဲ့တွက်ကြည့်ရင် ‌ဒေါ်လာသန်းနဲ့ချီ ခေါင်းပုံဖြတ်ယူနေကြတယ်။ ဖြေရှင်းပေးမယ့်သူလည်း မရှိဘူး။ အဲ့လို ခေါင်းပုံဖြတ်ခံနေရတာ နှစ်နဲ့ချီ ကြာလာပြီ။ ဒီနယ်စပ်က လူတွေအတွက် ဘယ်အစိုးရ ဘယ်အဖွဲ့အစည်းကမှ လာဖြေရှင်းပေးတာမရှိဘူး" လို့ နယ်စပ်နေထိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောကြားပါတယ်။  

တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ မြန်မာအော်ပရေတာတွေဖြစ်တဲ့ MPT, telenor နဲ့ အော်ရီဒူး တို့မှာ လိုင်းမမိပဲ အသုံးပြုလို့ရတဲ့နေရာ အနည်းအကျဉ်းမှာတောင် အင်မတန်ဆိုးရွားတဲ့ ကွန်ရက်နဲ့ အသုံးပြုနေကြတာကြောင့် တရုတ်အော်ပရေတာ ဆင်းမ်ကတ်တွေကိုသာ အသုံးပြုနေတာပါ။ 

ဒါ့အပြင် တရုတ်ကုန်သည်တွေနဲ့သာ အဓိကဆက်သွယ်လုပ်ကိုင်နေရတဲ့အတွက် တရုတ် wechat pay တို့ကို အလွယ်တကူ အသုံးပြုနိုင်တဲ့ တရုတ်အော်ပရေတာ ဆင်းမ်ကတ်တွေကိုသာ မဖြစ်မနေ သုံးစွဲနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013