DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်များ အင်အားဖြည့်တင်း ထပ်မံဝင်ရောက်လာ
DVB
·
January 6, 2022
လေးကေ့ကော်ဒေသကို  စစ်ကောင်စီတပ်များ အင်အားဖြည့်တင်း ထပ်မံဝင်ရောက်လာ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူတပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသမှာ စစ်ကောင်စီရဲ့တပ်တွေ အင်အားဖြည့်တင်းထပ်မံဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက်  တိုက်ပွဲတွေ  ထပ်ဖြစ်လာမှာကို စိုးရိမ်တယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီရဲ့တပ်တွေဟာ ဇန်နဝါရီ ၅ ရက်က တပ်ရင်း ၃ ရင်းပူးပေါင်းကာ စစ်သည်အင်အား  ၄၀၀ နီးပါးနဲ့အတူ လက်နက်ခဲယမ်းဖြည့်တင်းပြီး ဖလူးကြီးကျေးရွာဘက်ကို ဝင်ရောက်လှုပ်ရှားလာတာလို့ ဆိုပါတယ်။

လေးကေ့ကော်မြို့သစ် စခန်းတာဝန်ရှိသူတစ်ဦးက "“ဖလူးကျေးရွာဖက်မှာ တပ်အင်အားတိုးချဲ့လာတာ ရှိတယ်။ လက်ရှိတော့ မနေ့ကကော ဒီနေ့အထိတော့ ဘာမှမဖြစ်သေးဘူး”လို့ ပြောပါတယ်။

ဖလူးကြီးကျေးရွာသားတစ်ဦးက”ရွာကို မနေ့က စကစကလူတွေ အများကြီးနဲ့ဝင်လာတယ်။ အရင်က ထက်ပိုများတယ်။ သူတို့ဝင်လာရင် စစ်လားဆေးလားနဲ့ ထပ်ပြီးတိုက်ပွဲဖြစ်မှာကို စိုးရိမ်တယ်။ စစ်ရှောင်နေရတဲ့ သူတွေ စစ်ရှောင်နေရတုန်း”လို့ ဆိုပါတယ်။

လေးကေ့ကော်မြို့သစ်ကို ဇန်နဝါရီ ၆ ရက် ဒီကနေ့မနက် စစ်ကောင်စီတပ်က သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါမယ့် ကေအန်ယူတာဝန်ရှိသူတဦးတော့ မဟုတ်မှန်ကြောင်းနဲ့ နှစ်ဖက်တပ်တွေ နေရာယူတဲ့အနေအထားရှိနေတာလို့ ပြောပါတယ်။ 

ကေအန်ယူ ဒူးပလာယာခရိုင်ရုံးက တာဝန်ရှိသူတဦးက “သိမ်းလိုက်တယ်ဆိုတာကိုတော့ မဟုတ်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လေးကေ့ကော် အမြောက်ကုန်းမှာ ဗမာစစ်တပ်တွေ ရှိတယ်။ လေ့ကေ့ကော်က အရှေ့ပိုင်းမှာစစ်တပ်တွေရှိတယ်။ အနောက်ဘက်ပိုင်းမှာတော့ ကျနော့် ကေအန်ယူရှိတယ်။ ပြီးတော့ အဲဒီသိမ်းဆည်းတယ်ဆို မဟုတ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ပတ်ပတ်လည်မှာ ကျနော်တို့လူတွေ ရှိတယ်။ တခုပဲ ရှိတာက သူတို့က လေးကေ့ကော်အုပ်ချုပ်ရေးရုံးကို ဝင်နေတယ်။ ပြီးတော့ လေ့ကေ့ကော် အ.ထ.ကကျောင်း၊ ဒူပလာရာ အထက်တန်းကျောင်းဝင်းထဲ ဝင်ပြီးနေတယ်။ ပြီးတော့ လမ်းမကြီးဘေးတွေ သူတို့နေတယ်။ ဒါပေမဲ့ အင်အားအများကြီး နဲ့မဟုတ်ဘူး။ ”လို့ ပြောပါတယ်။

လက်ရှိလေးကေ့ကော်မှာ လက်ရှိ နှစ်ဘက်စစ်တပ်က လွဲပြီး  ဒေသခံတွေ မရှိကြတော့ဘူးလို့လည်း ဒူးပလာယာခရိုင်တာဝန်ရှိသူက ပြောပါတယ်။ 

“အခုလေးကေ့ကော်ထဲမှာတော့ ဒေသခံ ပြည်သူတွေမရှိကြတော့ဘူး။  ဗမာစစ်တပ်နဲ့ ကေအန်ယူတပ်ပဲ ရှိတော့တယ်။ မဲ့ထော်သလေးမှာလည်း ဒေသခံတယောက်စ နှစ်ယောက်စပဲ ပြန်ပြီး ပြန်ထွက်သွားကြတာပဲ ရှိတော့တယ်။ ”

လေးကေ့ကော်နဲ့ မဲ့ထော်သလေးအပါအဝင် ကျေးရွာတွေမှာ   စစ်ပွဲကြောင့် ထွက်ပြေးတဲ့ ဒေသခံတွေရဲ့ နေအိမ်ခြံဝင်းတွေအတွင်းရှိ မော်တော်ကား၊ ဆိုင်ကယ်နဲ့ တခြား အဖိုးတန်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက  ခိုးယူတာ၊ စားသုံးတာနဲ့ ဖျက်ဆီးတာတွေ လုပ်နေတယ်လို့  ကေအန်ယူဘက်ကရော၊   စစ်ရှောင်သူတွေကပါ  အတည်ပြုပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ ရေရှည်မှာ နေထိုင်စားသောက်ရေးအပြင် လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါနဲ့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက်ကလည်း ထိုင်းနိုင်ငံ စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန်လာခဲ့တဲ့ အသက် ၄၀ အရွယ်အမျိုးသမီးတယောက်  နေအိမ်မှာနေထိုင်နေစဉ် စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်စ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး လေးကေ့ကော်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့  KNLAပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီတွေနဲ့ရော လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေ သောင်ရင်းမြစ်ကမ်း ဘေးလွတ်ရာမှာ ရှောင်ပုန်းနေရသလို အယောက်   ၅၀၀၀ လောက်ဟာ  ထိုင်းနိုင်ငံဘက်မှာ စစ်ရှောင်ခိုလှုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013