DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ရှုခံပွဲကျင်းပရန်စီစဉ်နေ
DVB
·
January 6, 2022
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ရှုခံပွဲကျင်းပရန်စီစဉ်နေ
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အလေးပြုခံဖို့အတွက်  ဗိုလ်ရှုခံအခမ်းအနားကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက နေသိရပါတယ်။

နေပြည်တော် မြို့တော်ခန်းမရှေ့မှာကျင်းပမယ့် အဲဒီဗိုလ်ရှုခံအခမ်းအနားကို  ဖေဖော်ဝါရီ ၁၂ ရက်  ၇၅ နှစ်စိန်ရတု ပြည်ထောင်စုနေ့မှာပြုလုပ်မှာဖြစ်ပြီး  ဗိုလ်ရှုခံ အလံတင်အခမ်းအနားနဲ့ ပြည်ထောင်စုမိန့်ခွန်းကိုအာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဗိုလ်ရှုခံအခမ်းအနားမှာ ရှေ့ဆုံးက ကြည်း၊ ရေ၊ လေ အလံကိုင်အဖွဲ့ ချီတက်မှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံးပါတဲ့ စစ်ကြောင်း၊ အဲဒီနောက်မှာ ရဲတပ်ဖွဲ့ အကောက်ခွန် လဝကနဲ့ ဝန်ကြီးဌာန အားလုံးပါတဲ့ ၁၅၄ ယောက်က အာဏာသိမ်း စစ်ခေါင်းဆောင်ကို ချီတက်အလေးပြုမှာလို့ အဲဒီပွဲအစီစဉ်ကို သိရှိတဲ့သူတွေကဆိုပါတယ်။

ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုစီမှာရှိတဲ့ ရိုးရာယဉ်ကျေးမှုတွေ ထွက်ကုန်ပစ္စည်းတွေကို တင်ဆောင်ထားတဲ့ ကားတွေနဲ့ပါ အလေးပြုခံဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

ပြည်နယ်နဲ့တိုင်းတခုစီကို  စစ်တပ်ကစီစဉ်တဲ့  ၅၆ ပေရှည်တဲ့ ကား ၃ စီး စီပါဝင်မှာဖြစ်ပြီး ကားအစီးရေ စုစုပေါင်း ၄၅ စီး စီစဉ်ထားတယ်လို့ အဲဒီပြပွဲအစီအစဉ်ကို သိရှိသူထံကနေသိရပါတယ်။

ပထမဆုံးကားမှာ ပြည်နယ်တိုင်းတစ်ခုစီရဲ့ အထင်ကရပုံရိပ်တွေကို ဖော်ကျူးပြီး ဒုတိယတစ်စီးမှာတော့ အဲဒီဒေသတွေက ထွက်ကုန်တွေ၊ တတိယတစ်စီးမှာတော့ အဲဒီဒေသက ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတန်းစဉ်လာတွေကို ဖော်ကျူးထားတာတွေတင်ဆောင်ထားတဲ့ အလှပြကားတွေ လုပ်ဖို့ စီစဉ်ထားတာပါ။

အလှပြကားတွေ ဘေးပတ်လည်မှာတော့  အဲဒီပြည်နယ်တိုင်းရဲ့ ကိုယ်စားပြုသီချင်းနဲ့အကတွေကို ကပြီး စစ်ခေါင်းဆောင်ကို အလေးပြုကြမယ်လို့ ပြပွဲစီစဉ်မှုမှာပါဝင်သူတွေကဆိုပါတယ်။

အဲဒီဗိုလ်ရှုခံအခမ်းအနားမှာပြသမယ့် အလှပြကားတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနယ် ပြည်နယ်အစိုးရတွေက ပြင်ဆင်ဆောင်ရွက်နေပြီး တချို့ကတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဗိုလ်ရှုခံအခမ်းအနားနဲ့ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စိန်ရတုဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေးကို ဇန်နဝါရီ ၃ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့ပြီး အခုလို အစီအစဉ်အသေးစိတ်ထွက်ရှိလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ရှုခံအခမ်းအနားတွေကို ၁၉၄၉ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အတွင်း သမ္မတကြီး စဝ်ရွှေသိုက်၊ သမ္မတကြီး ဒေါက်တာ ဘဦး ၊ သမ္မတကြီး မန်းဝင်းမောင်တို့ လက်ထက်က ကျင်းပခဲ့ကြဖူးပါတယ်။

အဲဒီနောက်ပိုင်း စစ်တပ်တစ်ပိုင်း အရပ်သားအစိုးရ တစ်ပိုင်းပြောင်းလဲခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုး ရလက်ထက် ၆၇ နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ ပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်မှာတော့ ဗိုလ်ရှုခံ အခမ်းအနား ကျင်းပခဲ့တာမရှိပါဘူး။

အခုကျင်းပမယ့် ဗိုလ်ရှုခံ အခမ်းအနားကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေချိန်၊ စစ်အာဏာရှင်စနစ်ကို ပြည်သူတွေက တော်လှန်နေတဲ့အချိန်၊  အရပ်သားအစိုးရဆီကနေ အာဏာသိမ်းထားချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ဗိုလ်ရှုခံအခမ်းအနား ကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013