အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ထောင့်ကန်ဘော ကန်တိုင်း ဂိုးဖန်တီးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ခရိုအေးရှားကို (၄-၂) ဂိုးနဲ့ အနိုင်ရပြီးနောက် အင်္ဂလန်ပရိသတ်တွေ စိတ်လှုပ်ရှားသင့်ကြောင်း ရိုက်စ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီက ရိုက်စ်ရဲ့ ထောင့်ကန်ဘောတွေကြောင့် အာဆင်နယ်အသင်းဟာ ၁၉ ဂိုးအထိ သွင်းယူပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တာပါ။
ခရိုအေးရှားနဲ့ပွဲမှာ ဟယ်ရီကိန်းရဲ့ ပထမဂိုးက ရိုက်စ်ရဲ့ ဖြတ်တင်ဘောကနေ ပင်နယ်တီရခဲ့တာပါ။ ဒုတိယဂိုးကိုလည်း ရိုက်စ်ရဲ့ ထောင့်ကန်ဘောကနေ ကိန်း ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရိုက်စ်ကတော့ ထောင့်ကန်ဘော ဒါမှမဟုတ် ဖရီးကစ်ကန်တိုင်း ဂိုးဖန်တီးနိုင်မယ်လို့ ခံစားရကြောင်း ပြောပါတယ်။
အင်္ဂလန်နည်းပြ သောမတ်စ်တူချယ် လက်ထက်မှာလည်း အသင်းက လက်ပစ်ဘောတွေကို အလေးထား လေ့ကျင့်ခဲ့တာပါ။
ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ကတော့ ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာတွေက ငြီးငွေ့စရာကောင်းကြောင်း ဆိုပါတယ်။










