DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် တိုက်ပွဲဖြစ်၊ ရပ်ကွက်ထဲလက်နက်ကြီးကျသဖြင့် ပြည်သူ ၆ ဦး ဒဏ်ရာရ
DVB
·
January 5, 2022
နမ့်ခမ်းတွင် တိုက်ပွဲဖြစ်၊ ရပ်ကွက်ထဲလက်နက်ကြီးကျသဖြင့် ပြည်သူ ၆ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ထဲကို ဒီကနေ့မနက် TNLA တအာင်းတပ်ဖွဲ့ ဝင်တွေ ဝင်ရောက်လာပြီးတဲ့နောက် စကစလက်အောက်ခံတပ်က လိုက်လံပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကျည်ဟာ ကောင်းနောင်ဇန့်ရပ်ကွက် ပန်လုံစုစည်းရွာထဲကို ကျပြီး မိသားစုဝင် ၆ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ 

TNLA တပ်ဖွဲ့ဝင်နှစ်ယောက် မနေ့က ဈေးထဲမှာ ပစ်သတ်ခံရပြီးတဲ့နောက် ဒီနေ့မနက် စစ်ကောင်စီတပ်တွေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး နမ့်ခမ်းမြို့အရှေ့ဘက် ကောင်းနောင်ဇန့် ရပ်ကွက်နဲ့ ဝိန်းဆာရပ်ကွက်ထဲ ဝင်ရောက်လာတယ်လို့ နမ့်ခမ်းဒေသခံက ဒီဗွီဘီကို ပြောပါတယ်။  

ဒီနောက် TNLA တပ်တွေ ပြန်ထွက်သွားပြီး မြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်က စခန်းသစ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်လို့ ရွာသားတွေထိခိုက်ပြီး မြို့ပြင်ဘက်မှာ တိုက်ပွဲဆက်ဖြစ်နေတာလို့ ဆိုပါတယ်။

“TNLA က ဘာဖြစ်လို့ ဝင်လာလဲတော့ မသိဘူးဗျ။ မနေ့က သူတို့လူ ပစ်သတ်ခံရတာ မကျေနပ်လို့ အင်အားလာပြတာလား မသိဘူး။ သူတို့ဝင်လာတာ အေးဆေးပါပဲ၊ သေနတ်ကိုယ်စီနဲ့ တန်းစီပြီး လာတယ်၊ မြို့အဝင်ထွက်က လူတွေကို နည်းနည်းပါးပါးမေးတယ်၊ ဒါလောက်ပဲ။ သူတို့ပြန်သွားပြီး စကစတပ်ဘက်က စခန်းသစ်ကနေလက်နက်ကြီးနဲ့ အရင်ထုတယ်။ မနက် ၁၀ နာရီလောက်။ ပန်လုံရွာကလူတွေ ထိခိုက်သွားတာ အရင်ဆုံးလက်နက်ကြီးတဲ့ပစ်တဲ့ဟာပါ၊ နောက်တော့ ပစ်သံ တဖြည်းဖြည်းစိပ်လာတယ်၊ စက်သေနတ်နဲ့ ဆွဲပစ်သံပါကြားတယ်။ စကစတပ်ဘက်က ကောင်းနောင်ဇန့်ရပ်ကွက်ထဲဝင်လာပြီး  TNLA နောက်ကို လိုက်ပစ်တာလို့ပြောတယ်။ သူတို့ဆုတ်ခွာသွားတဲ့ လမ်းတလျှောက် ကောင်းပိန်း၊ ဟိုနား၊ ကောင်းတပ်၊ မန့်ခမ်း အဲဒီရွာတွေ ဘက်မှာ တိုက်ပွဲဆက်ဖြစ်တယ်၊  ညနေ ၃ နာရီလောက်မှာ ပစ်ခတ်သံတွေ ငြိမ်သွားပါတယ်ခင်ဗျ” လို့ နမ့်ခမ်းဒေသခံက ပြောပါတယ်။   

ကောင်းနောင်ဇန့်ရပ်ကွက်နေပြည်သူတစ်ဦးကလည်း လက်နက်ကြီး ကျတဲ့အိမ်ဟာ ကောင်းနောင်ဇန့်ရပ်ကွက်အစွန် ပန်လုံစုစည်းရွာသစ်ထဲမှာရှိပြီး ရွာသား ၆ ယောက် ထိမှန်သွားကြောင်း၊ ရပ်ကွက်ထဲမှာ ပစ်ခတ်ကြပြီး ရွာသား ၃ ယောက်ကို စကစတပ်ဘက်က ဖမ်းသွားတယ်လို့ ဆိုပါတယ်။ 

“လက်နက်ကြီးကျည်ကျတာက ကချင်မိသားစုအိမ်ပါ၊ သူတို့အိမ်လည်း ပျက်စီးသွားတယ်။  ၆ ယောက်ထိမှန်ဒဏ်ရာရတယ်၊ မိသားစုဝင်တွေလည်း ပါပါတယ်။ လူအိုရော၊ လူကြီးရော၊ လူငယ်ရော၊ ကလေးရောပါတယ်၊ အခု ဆေးရုံမှာ။ စကစတပ်ဖွဲ့ဝင်တွေ မြို့ထဲကနေ နောင်ဇန့်ရွာဘက်တက်လာပြီး နောင်ဇန့်ကုန်းမှာ ပစ်ခတ်ကြတယ်။ လမ်းထိပ်က အိမ်ခြံစည်းရိုးတွေမှာ အကာအကွယ်ယူပြီးပစ်တယ်၊ အိမ်တစ်အိမ်ရှေ့မှာ စကစတပ်ဘက်က ၂ ယောက် သေနတ်မှန်ပြီး ကျသွားလို့ အိမ်ထဲမှာရှိတဲ့လူ ၃ ယောက်ကို ဖမ်းသွားတယ်။”

နှစ်ဘက်တိုက်ပွဲအတွင်း လမ်းပေါ်၊ အိမ်ဝင်းထဲနဲ့ စိုက်ခင်းထဲမှာပါ လက်နက်ကျည်တွေ ကျရောက်ကြောင်း၊ နမ့်ခမ်းပြည်သူတွေကတော့ TNLA ဝင်လာတဲ့ မနက်ခင်းကတည်းက အိမ်တံခါးပိတ်၊ ဆိုင်ပိတ်ဈေးပိတ်ပြီး အပြင်မထွက်ရဲတော့ဘူးလို့ ဆိုပါတယ်။ 

TNLA တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့လက နမ့်ခမ်းမြို့မဈေးကြီးထဲမှာ ဆက်ကြေးတွေ သိန်းနဲ့ချီ တိုးပြီးကောက်လို့ ဈေးသူဈေးသားတွေက ၅ ရက်တာ ဈေးပိတ်ပြီးဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမဲ့ TNLA ဘက်က အခွန်မလျှော့ပေးဘဲ မနေ့တနေ့က နောက်ထပ်လာကောက်ပြီး မနေ့ကတော့ အမည်မသိသေနတ်သမားတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရတာပါ။ 

သေဆုံးသူတွေဟာ TNLA ဆက်ကြေးကောက်သမားလို့ ဒေသခံတွေ ပြောကြပေမယ့် သူတို့အဖွဲ့ဝင်ဟုတ်၊ မဟုတ်ကိုတော့ အဖွဲ့အစည်းရဲ့ အတည်ပြုပြောကြားချက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013