Home
ဆောင်းပါး
“ထော်လာဂျီလေး ပြန်လာမလား”
နော်နိုရင်း
·
January 4, 2022

“ကျမတို့ကို သနားပါ။ အခုချိန်မှာ ကျမတို့ ယောကျ်ားတွေမရှိဘူး။ ကျမတို့ ဘယ်သူ့ကို အားကိုးရမလဲ၊ ကျမတို့ ဒုက္ခတွေ ရောက်ပြီ၊ မိုးချုပ်လာတိုင်းလည်း ယောကျ်ားတွေကို မျှော်ရတာ၊ ကျမယောက်ျား၊ အိမ်ထောင်ဦးစီး၊ ကလေးတွေအဖေ၊ အခု ယောကျ်ားအခုလို အသတ်ခံရတော့ ကျမတို့မှာလေ ရင်ကျိုးမတတ်ခံစားရတယ်။ ကလေးတွေကို ဘယ်သူ ထောက်ပံ့မလဲ၊ ဘယ်သူ ကူညီမလဲ၊ ဘယ်လိုမှ ဖြေသိမ့်လို့မရပါဘူး။ အမြန်ဆုံးလည်း အမှန်တရားကို ဖော်ထုတ်နိုင်အောင် လုပ်ဆောင်ပေးပါရှင်။”

ဒါကတော့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ ခရစ္စမတ်အကြိုနေ့  ၂၀၂၁ ခု ဒီဇင်ဘာ ၂၄ ရက်နေ့က  ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုမှာ  အသက်ဆုံးပါးသွားတဲ့ ခင်ပွန်းဖြစ်သူ ကိုဘူးရယ်ရဲ့ ဇနီးက မနေ့က အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်းနည်းငိုကြွေးအကူ အညီတောင်းခံ နေတာဖြစ်ပါတယ်။

ကိုဘူးရယ်ဟာ အခင်းဖြစ်ပွားတဲ့ ဒီဇင်ဘာ ၂၄ ရက်မနက် ၇ နာရီခလောက်က ခြံစည်းရိုးခတ်ဖို့ ဝါးခုတ်မယ်ဆိုပြီး ထော်လာဂျီတစီးနဲ့ ရွာကနေ ထွက်ခွာခဲ့ပါတယ်။ သူတို့ ထွက်သွားတဲ့အချိန်မှာ သူ့ညီအစ်ကိုဝမ်းခွဲ ၃ ဦးနဲ့အတူ ထွက်ခွာခဲ့တာပါ။

မွန်းလွဲပိုင်းရောက်တဲ့အချိန်မှာ သူ့တို့အမျိုးသမီးက ရွာမှာနေရင်း စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့တွက် ဝါးခုတ်သွားသူတွေဆီကို သူတို့ အမျိုးသမီးတွေက ဖုန်းတွေဆက်ပြီး အကျိုးအကြောင်း ပြောပြကာ ပြန်လာဖို့အ ကြောင်းကြားခဲ့ပါတယ်။

ဇနီးသည်တွေက ဒီလို အကြောင်းကြားချိန်မှာ ကိုဘူးရယ်နဲ့ သူ့ညီအစ်ကို ၄ ယောက် ထော်လာဂျီတစီးနဲ့ ပြန်လာတဲ့အချိန် စစ်ကြောင်းနဲ့တိုးပြီးနောက် အဆက်အသွယ် ပြတ်တောက်ခဲ့ကာ အခုချိန်ထိ အဆက်သွယ်မရသလို မီးရှို့ခံရတဲ့အထဲမှာ ပါသွားပြီလို့ အများပြောပြချက်အရ သိရကြောင်း ကိုဘူးရယ်ရဲ့ အမျိုးသမီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကျမတို့မှာလည်း ကလေးတယောက်ရှိတဲ့သူကလည်းငို၊ နှစ်ယောက်ရှိတဲ့သူလည်းငို၊ အခုလည်း ဒုက္ခတွေ အမျိုးမျိုးနဲ့ ဟိုပြေး၊ ဒီပြေး၊ ခွေးလိုလို၊ ဝက်လိုလိုပြေးရတယ်။ ကျမတို့မှာ အခု ကိုယ့်အိမ်ထဲတောင်မှမနေရဘူး။ မရှိလို့ တောင်ယာလုပ်စား လက်လုပ်လက်စား တရက်လုပ်၊ တရက်စားနေရတာပါရှင့်။ အခု ကျမတို့ ယောက်ျားတွေ မရှိတော့ အားငယ်ရတယ်။ ဒုက္ခအမျိုးမျိုးခံစားရတယ်။ ကလေးတွေ အဖေဘယ်မှာလဲ မေးကြတယ်။ ကျမတို့မှာ မဖြေရက်ဘူး။ အခုချိန် သူတို့မှာ အဖေဆိုတာလည်း ကောင်းကောင်းမွန်မွန် မတွေ့ခဲ့ရပါဘူး။ ကျမတို့ကို တတ်နိုင်သလောက် အမှန်တရားကို ဖော်ထုတ်ပေးပါရှင့်။ ဒီလေးယောက်ကို  စစ်ကောင်စီက အရှင်လတ်လတ် မီးရှို့လို့ ၊အခုလည်း မုဆိုးမ ၄ ယောက် ကျန်ခဲ့တဲ့ကလေးတွေက လုပ်စားတတ်တဲ့အရွယ်မဟုတ်ပါဘူး။ ကျမတို့လည်း မိုးချုပ်လာရင်လည်း သူများပြန်လာမလား၊ ထော်လာဂျီလေးပြန်လာမလား၊ ကျမတို့မှာ သူတို့လေးယောက်ကို မျှော်နေရတာ။”

ကိုဘူးရယ်အပါအဝင် သူညီအစ်ကိုအားလုံး ၄ ယောက်စလုံး ဒီနေ့အချိန်အထိ ပြန်မလာနိုင်တော့ပါဘူး သူတို့တွေဟာ အိမ်ထောင်ဦးစီး၊ ဖခင်တွေဖြစ်ကြသလို အိမ်က မိဘညီအစ်ကို မောင်နှမတွေ အားကိုးရတဲ့သားတွေဖြစ်တဲ့အတွက် သူတို့ မိဘတွေဟာ ဝမ်းနည်းငိုကြွေးနေရရှာပါတယ်။

ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုကို အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မျက်မြင်သက်သေ အထောက်အထားတွေနဲ့အတူ ဇန်ဝါရီလ ၃ ရက်နေ့က အွန်လိုင်းကနေ သတင်းစာရှင်းလင်းခဲ့ပါတာပါ။ 

ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ရပ်မှာ သေဆုံးတဲ့ ဒေသခံတွေဟာ တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်ရင်း သေဆုံးခဲ့တာလို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမဲ့ NUG အစိုးရက ထုတ်ပြလာတဲ့ မျက်မြင်သက်သေတွေကတော့ သေဆုံးသူတွေဟာ သာမန်အရပ်သား ဒေသခံတွေဖြစ်ပြီး၊ စစ်တပ်က အစုအပြုံလိုက် ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ပြောကြပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က ကျွဲကျောင်းရင်း ဖြစ်စဉ်နဲ့တိုးခဲ့တဲ့ မိုဆိုကျေးရွာသား ကိုကယ်သောအီက  “ မနက် ၉ အချိန် ကျွဲသွားပြန်မောင်းလာဖို့ ဖြတ်လမ်းလေး တလမ်းရှိတယ်။ အဲဒီဖြတ်လမ်းကနေ ကျနော်ဆင်းသွားတော့ အသံတော့ကြားတယ်။ ကလိုကလော်အသံ.. နောက်ဘာအသံလဲ..ကျောက်တင်တယ်လည်းမဟုတ်ဘူး။ သွားကြည့်ဖို့ပဲ ဒါပေမဲ့ စိတ်က တမျိုးကြီးဖြစ်တဲ့အခါကျတော့ ကျနော်ဆက်မသွားကြည့်ဘူး။ အဲဒီကနေ ကျနော် ဖြတ်ဆင်းလိုက်တယ်။ တောင်ယာထဲမှာ ဖြတ်ဆင်းတာ၊ အလယ်တည့်တည့်မှာပဲ ခြံစည်းရိုးခွကျော်တဲ့အချိန် အသံကြားရင်ကြားမယ်။ အနောက်ကနေ လိုက်လာတဲ့အခါကျတော့ ဝါးရုံအောက်မှာ သူတို့လိုက်လာတယ်။ အဲဒါလည်း ကျနော်မသိဘဲ ဆက်သွားတယ်၊ နောက်ရပ်တဲ့၊ ဘယ်သူက ငါကို ရပ်လုပ်တာတုန်းလို့ဆိုပြီး နောက်လှည့်ကြည် တာကျတော့ သေနတ်နဲ့ထောက်နေပြီ။ တယောက်က မတ်တပ်ရပ်တယ်၊ တယောက်ကထိုင်တယ်။ မတ်တပ်ရပ်နေတဲ့တယောက်က ကျနော့်ဆီလာတယ်။ လာခါကျတော့ အာ..အဆင်မပြေဘူး၊ ဒီတိုင်းရပ်ပေးရင်တော့ သူဖမ်းမှာပဲ ဆိုပြီး ခေါင်းပဲ လှည့်သေးတယ်။ ပစ်နေပြီးကော၊ ကျဉ်တဘောက်လောက်ကုန်နေပြီး ပတ်ခြာလည်ပဲ ထိတယ်။ ကျနော့်ကို၊ မထူးတော့ဘူးဆိုပြီး အသကုန်ပြေးတက်တယ်။ ပြေးတက်ပြီး သစ်ပင်တပင်ရှိတယ်၊ အဲဒီသစ်ပင်အကွယ်မှာ တက်နေပြီး လှမ်းကြည့်လိုက်တော့ ဒန်ပါက ၃ စီးရယ်၊ ကားငယ်တစီးရယ်တွေ့တယ်၊ အဲဒီကနေ ဆက်ပြေးပြန်တယ်။ ဆက်ပြေးပြန်ပြီးအိမ်ကိုရောက် နောက်သူများကို အသိပေးတယ်။ နောက်လိုက်မေးတဲ့အခါကျတော့ ဟိုမှာ ဘူးရယ်တို့သွားတယ်၊ နင့်ယောက်ဖတွေသွားတယ်။ အဲဒါ လိုက်မေးကြည့်တာပေါ့နော်။ အဲဒါဖုန်းကိုယူပြီး ခေါ်ကြည့်တာ လုံးဝ အဆက်အသွယ်မရတော့ဘူး။ မရတဲ့အခါကျတော့ ဒါဆိုရင် သူပါသွားပြီထင်တယ်မေးကြတဲ့အခါကျ‌တော့ မိသားစု ငါ့မိသားစုခါကျတော့ လူများကားနဲ့လိုက်သွားလိုက်တယ်။ နောက်ကျနော်အပေါ်ပြန်တက်တယ်။ ပြန်တက်ပြီး တာဝါတိုင်နားရောက်လည်းရောက်တဲ့အခါကျတော့ အဲနားမှာ ၅ မိနစ်လောက်ပဲ ထင်တယ်။ လူတွေကို လက်နက်ကြီးနဲ့ ပစ်လား၊ နောက်တခါ မီးထပ်ရှို့ မီးလည်းရှို့နေတယ်။ ကားတွေလောင်လောက်ပြီဆိုပြီးတော့ မထူးတော့ပြီး ကျနော်လည်း ထမင်းဆာပြီ ပြန်လိုက်ဦးမယ်ဆိုပြီး ပြန်သွားတယ်။ ”

မီးရှိုခံရတဲ့နေမှာ ပျောက်ဆုံးနေခဲ့တဲ့ သစ်တောဝန်ထမ်းလည်းဖြစ် CDM လုပ်ဆောင်တဲ့ မသန်စွမ်းကိုလိရယ်လည်းပါဝင်ခဲ့ပါတယ်။

မော်ပြားမြာ

ကိုလိရယ်ရဲ့ ညီမ မော်ပြားမြာ “ အခု မီးရှို့ခံရတဲ့ သမီးအစ်ကိုနာမည်က ကိုလိရယ်ပါ။ ကိုလိရယ်က အိမ်ထောင်မ ကျသေးပါဘူး။ အလုပ်အကိုင်ကတော့ တောခေါင်းပါ။ သာမန်အရပ်သား ပြည်သူ့ဝန်ထမ်း တဦးပဲဖြစ်တယ်။ အစ်ကိုက မွေးရာပါ ဘယ်လက်တဖက် မသန်စွမ်း တဦးလည်းဖြစ်တယ်။ မသန်စွမ်းပေမယ့် အလုပ်ကို ရိုးသားစွာကြိုးစားပြီး လုပ်ကိုင်နေသူတဦးဖြစ်တယ်။ မိဘကို ရှာကြွေးသူတဦးဖြစ်တယ်။ မောင်နှမထဲမှာတော့ သမီးအစ်ကိုက ဒုတိယမြောက်ပေါ့နော်။ သူက တပါးသူကိုလည်း ကူညီတတ်တယ်။ လူချစ်လူခင်လည်းပေါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြတဲ့အထဲမှာ ပါဝင်တယ်။ ဆန္ဒပြပြီး နောက်ပိုင်းမှာလည်း CDM ပြလုပ်နေပါတယ်။ အခုဆုံးသွားတဲ့အချိန်အထိ စစ်ဘေးရှောင်ကိုလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီတယ်။ အဲဒီနေ့က လွိုင်ကော်သွား မယ်လုပ်ပြီး မနက် ၈ နာရီလောက်မှာ ရွာကနေ ထွက်ခွာသွားတယ်။ သူနဲ့ သူ့သူငယ်ချင်းတယောက် ဆိုင်ကယ်တယောက်တစီးစီ စီးပြီးတော့ ထွက်သွားကြတယ်။ အဲဒီနေ့က စပြီးတော့ အဆက်သွယ်မရဘူး။ ဖုန်းဆက်လည်းမကိုင်ဘူး။  ပြီးတော့ စက်ပိတ်ထားတယ်။ ပြီးရင် မီးရှို့ခံရတဲ့သတင်းကို ကြားရတဲ့အချိန်မှာ သမီးတို့လည်း အရမ်းစိတ်ပူသွားတာပေါ့။ သွားတဲ့လမ်းကလည်း အဲဒီလမ်းကို ဖြတ်တာပေါ့။ နောက်သမီးအရမ်းခင်တဲ့ဆရာမကို လှမ်းပြောပြ တယ်။ ဆရာမလည်း ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီးတော ကြေညာပေးတယ်။ ရှာပေးတယ်။ သမီးတို့လည်း စိတ်ပူပြီးတော့ ဖုန်းလည်း တောက်လျှောက်ဆက်ကြတယ်။ ဝိုင်းပြီးတော့လည်း ဆက်ကြတယ်။ ဆက်တဲ့အခါမှာ ဗမာအသံနဲ့ ဘာကြီးဘာကြီးဆိုတဲ့အသံကြားပြီးတော့ ဖုန်းပြန်ချသွားတယ်။ စစ်သားတွေ သမီးအစ်ကို ဒုက္ခပိုပေးမှာစိုးလို့ ဆိုပြီးတော့ ထပ်ပြီးမှ ဖုန်းမဆက်ရဲကြတော့ဘူး။ မိဘတွေလည်း ရွာမှာမနေရဲတော့ဘူး။ တခြားဘေးနားက ရွာတွေလည်း ကြောက်လန့်ပြီးတော့ အကုန်ထွက်ပြေး သွားကြတယ်။ သမီးလည်းအရမ်းစိတ်နာတာပေါ့။ ပြီးရင် စစ်သားကိုလည်းကြောက်တယ်။ အစ်ကိုနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းလည်းပါသွားတယ်။ ဒါကြောင့် သမီးတို့က စစ်ကောင်စီကိုလည်း အမြန်အရေးယူစေချင်တယ်။” လို့ ပြောကြားခဲ့ပါတယ်။

NUG နဲ့ KSCC ပူးပေါင်းလုပ်ဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ထုတ်ပြန်လာတဲ့ မျက်မြင်သက်သေတွေကတော့ သေဆုံးသူတွေဟာ သာမန်အရပ်သား ဒေသခံတွေဖြစ်ပြီး၊ စစ်တပ်က အစုအပြုံလိုက် ရည်ရွယ်ချက်ရှိရှိ ရက်ရက် စက်စက် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ပြောကြ ပါတယ်။

မီးလောင်ကျွမ်းတဲ့အလောင်းတွေကို စစ်ဆေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ခွဲစိတ်ဆရာဝန်တစ်ဦးက အလောင်းတွေမှာ လက်နောက်ပြန်ကြိုးတုပ်ထားတာတွေ၊ ရုပ်အလောင်းတွေရဲ့ ဦးခေါင်းခွံတွေဟာ ပြည့်ပြည့်စုံစုံ ပါမ လာတော့တာတွေ၊ ရုပ်အလောင်းဟာ ပါးစပ်ကို အဝတ်နဲ့ဆို့ပြီးချည်ခံထားရတာတွေ ရက်ရက်စက်စက် မီးရှို့ခံထားရတာပါ။ ခန္ဓာကိုယ်အတွင်းထဲက အူတွေ၊ အသဲတွေ၊ ကျောက်ကပ်တွေ၊ ဒီလိုအရာတွေတောင် မှန်းဆလို့မရအောင် မီးလောင်ခံထားရတဲ့ အသက် ၁၈ နှစ်အောက် မိန်းလေးငယ်လည်း ပါဝင်နေတဲ့ဆိုတဲ့ သက်သေအထောက်အထားတွေနဲ့  ရှင်းလင်းခဲ့ပါတယ်။

“စကစဘက်က အမြဲတမ်း ပြောတဲ့စကားဟာ ကလေးတွေမပါဘူး။ ဘယ်သူမှမပါဘူး။ သူတို့ကို ရန်မူလို့သူတို့ ပြန်ပစ်တယ်ဆိုတဲ့ စကားလုံးမျိုးတွေကို သူတို့ရဲ့သတင်းစာရှင်းလင်းပွဲစာ စောင်တွေမှာ တွေ့ရမှာပါ။ ဒီလိုမျိုး ၁၈ နှစ်အောက်အရွယ်ရှိတဲ့၊ ဒီလိုမျိုးသမီးငယ်တယောက်က သူတို့ကို ပစ်ခတ်ပြီးတော့ လုပ်ဖို့ ဆိုတာမျိုးက ဦးနှောက်ရှိမယ်ဆိုရင် စဉ်းစားကြည့်လို့ရပါတယ်။ သူတို့တမင်သက်က်ကို ရက်ရက်စက်စက် ယုတ်မာပြီး ရက်ရက်စက်စက်နဲ့  လူမဆန်စွာပဲ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ပြီးတော့ သက်သေပစ္စည်းတွေဖျောက်ဖို့အတွက် မီးရှို့ခဲ့တာပဲလို့ကျနော်တို့ တွေမှန်းဆကြည့်လို့ရပါတယ်။ ”

သက်သေအထောက်အထားတွေအရ လွိုင်ကော်- ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ဖရူဆိုအခြေစိုက် ခမရ (၅၃၁) နဲ့ တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ ကရင်နီပြည်ရဲဌာန (KSP) ပြောခွင့်ရသူ ကိုဘိုဘိုက ပြောပါတယ်။

"ဒီကိစ္စမှာ အဓိကကျူးလွန်သူကတော့ မြန်မာတပ်မတော် ကွပ်ကဲမှု စစ်ဌာနချုပ် လွိုင်ကော်လက်အောက်ခံ ခမရ ၅၃၁ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ဖွဲ့တွေလို့ ကနဦး သိရှိထားပါတယ်။ သွေးကွက်ထဲမှာတွေ့တဲ့ ကျည်ဆန်ပေါ်မှာဆိုရင် မြန်မာလို ၅ ဒသမ ၅၆ လို့ ရေးထားတဲ့ စာပါပါတယ်။ ဒါကြောင့် ကပစထုတ် မြန်မာစစ်တပ်သုံး ကျည်တွေဆိုတာ အတည်ပြုလို့ ရပါတယ်။ ပြီးရင် အဲ့ဒီနေရာမှာတွေ့တဲ့ ကျနော်တို့အလောင်းလာ သယ်တာကို အရိပ်ယောင်မြင်လို့ ပစ်ထားတဲ့ မြန်မာစစ်တပ်သုံး မော်တာကျည်ခွံကိုလည်း မြင်ရပါတယ်"

အခင်းဖြစ်တဲ့နေရာမှာ ဒေသခံ ၄၅ ဦးနဲ့ နယ်ခြားစောင့်တပ် KNPLF/ BGF တပ်သား ၄ ဦး၊ စုစုပေါင်း ၄၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ကပြောပါတယ်။

ကယားပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children ကလည်း မီးရှို့ ခံရတဲ့အထဲမှာ အနီးအနား ကျေးရွာတစ်ခုမှာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ပြီး ပြန်လာတဲ့ သူတို့ ဝန်ထမ်းနှစ်ယောက်လည်းပါသွားခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ထားပါတယ်။

နယ်ခြားစောင့်တပ်သား ၄ ဦးက လွဲလို့  ကျန်တဲ့သူတွေ အားလုံးဟာ မီးရှို့သတ်ဖြတ်ခံထား ရပြီး မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် မီးလောင်နေခဲ့တဲ့ ဒေသခံ အရပ်သား ၃၁ ယောက်ရဲ အလာင်းတွေ ရှိထားပြီး ကျန်သူတွေရဲ့ ပြာပုံတွေကို ပြန်ရတယ်လို့ဆိုပါတယ်။

ဒီသက်သေအထောက်အထားတွေကို  ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ "မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)" အပါအဝင် နိုင်ငံတကာ အကူအညီနဲ့ စစ်ဆေးပြီး NUG ကလည်းပူးပေါင်းပြီး တရားမျှတမှုရတဲ့အထိ ဆောင်ရွက်မယ်လို့   NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်  ကမ္ဘာက သိအောင်လုပ်ဆောင်သွားမယ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒေါက်တာ ဆာဆာ

“ကျနော်တို့ ဒီကရင်နီပြည်နယ်က စစ်ကောင်စီရဲ့  ရက်စက်ကြမ်းကြုတ်မှုကို ခံရတဲ့ မိသားစုဝင်အားလုံးအတွက် ကျနော်တို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့ပြီးတော့ ဆုတောင်းပေးတယ်ဆိုတာ ပြောလိုပါတယ်။ အခုန ဒါကို ကျနော်တို့ နားထောင်ရတဲ့အခါမှာ တကယ့် လူ့စကားနဲ့ မဖော်ပြနိုင်တဲ့ နာကျင်ခြင်းကိုလည်း ကျနော်တို့အားလုံး ခံစားခဲ့ရပါတယ်။ အခုက ကျနော်တို့ အီးယူတွေ၊ ကုလသမဂ္ဂတွေ ပြောနေတဲ့ ဒီဥစ္စာကို စုံစမ်းစစ်ဆေးရမယ်ဆိုတဲ့ ဥစ္စာကို မပြောခင်မှာ တကမ္ဘာလုံး ဒီလိုလူမဆန်တဲ့ ရက်စက်ခြင်း၊ ကြမ်းကြုတ်ချင်းကို တွေ့ရတာဟာ ISIS အဖွဲ့ပေါ်လာမှပဲ ကျနော်တို့ တွေ့ရတာဖြစ်တယ်။ အခု ဒီစစ်ကောင်စီပေါ်လာမှ လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်ခြင်းကို  ထပ်ခံတလဲလဲ ကျနော်တို့ ပြန်တွေ့ရတာဖြစ်တယ်။ ဆိုတော့ ( ISIS =  စကစ)  ဖြစ်တယ်ဆိုတာကို တမ္ဘာလုံး သိဖို့ ကျနော်တို့ပြောဖို့ဖြစ်တယ်ဆိုတာကို ကျနော် ပထမဆုံး ပြောပါရစေ။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ISIS လို  International terrorist organization အဖြစ် အသိအမှတ် ပြုတဲ့အထိ ကျနော်တို့ ဆက်ချီတက်ပြီး‌တော့ ဒါကိုတောက်လျှောက်သွားမှာဖြစ်တယ်။”

ဖရူမြို့နယ်က လူတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား အများအပြား ရရှိထားသလို နိုင်ငံတကာရာဇဝတ်မှုတရားရုံး  ICC ကို တင်ပြသွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်မျိုးမင်းက ပြောပါတယ်။ 

ဦးအောင်မျိုးမင်း

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ သက်သေအထောက်အထား အများအပြား ရရှိထားသလို အမှန်တရားပေါ်ပေါက်ရေးအတွက် အဲဒီသက်သေတွေနဲ့အတူ ICC ကို တင်ပြသွားမှာဖြစ်ပြီး၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM)ကိုလည်း အချက်လက်တွေ ပေးပို့သွားမယ်လို့  ဦးအောင်မျိုးမင်းက ပြောပါတယ်။ 

ကယား(ကရင်နီ) ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်  ၂၀၂၁ ခု မေလ ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်အကြား ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး လူဦးရေ သုံးသိန်းခန့်သာရှိတဲ့ကယားပြည်နယ်ရဲ့ လူဦးရေး တဝက်လောက်ဟာ စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြတဲ့လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေလည်း  ဖျက်ဆီးခံရသလို လက်ရှိမှာလည်း သူတို့အတွက် လူသားချင်းစာနာမှုအထောက်အပံ့တွေ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေလည်း လိုအပ်နေပါတယ်။

ဖရူဆိုမြို့နယ်မှာ ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၃၅ ယောက် အရှင်လတ်လတ် မီးရှို့အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ကန့်ကွက် ရှုတ်ချထားကြပြီး  ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး  တာဝန်ယူ တာဝန်ခံမှုရှိဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024