DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းဈေးတွင် ဆက်ကြေးလာကောက်သူ ၂ ဦး ပစ်သတ်ခံရ
DVB
·
January 4, 2022
နမ့်ခမ်းဈေးတွင် ဆက်ကြေးလာကောက်သူ ၂ ဦး ပစ်သတ်ခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မဈေးကြီးထဲမှာ ဇန်နဝါရီ ၄ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ဆက်ကြေးလာကောက်တဲ့  TNLA တအာင်းလက်နက်ကိုင်အဖွဲ့က ၂ ယောက် ပစ်သတ်ခံရတယ်လို့  ဈေးသူဈေးသားတွေက ပြောပါတယ်။

အပစ်ခံရတဲ့နေရာဟာ မန့်နောင်တန်းလို့ခေါ်တဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချတဲ့ ဈေးတန်းမှာဖြစ်ပြီး အပစ်ခံရသူ ၂ ဦးဟာ ဒီမတိုင်ခင်က ဆက်ကြေးလာကောက်ခဲ့တယ်လို့ နမ့်ခမ်းဈေးရောက် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့ နှစ်ယောက်က မနေ့ တနေ့ကတည်းကလည်း ဆက်ကြေးလာကောက်သွားတယ်လို့ ကြားတယ်။ ဒီနေ့လည်းလာကောက်တယ်တဲ့။ မန့်နောင်တန်းနားရောက်တော့ အပစ်ခံရတယ်။ အဲတုန်းက ကျနော်ကပစ္စည်းဝယ်ပြီးပြန်လာတာ အိမ်ရောက်ခါနီးပြီ။ ဈေးထဲကသူငယ်ချင်းက ပစ္စည်းလာသိမ်းကူဦးဆိုပြီး ဖုံးဆက်တော့ ပြန်သွားတာ ရဲနဲ့ တာဝန်ရှိသူတွေရောက်နေပြီ။ ပြီးတော့ နာရေးကူညီမှုအသင်းက ကားနဲ့လာသယ်သွားတယ်။ ဈေးတော့မပိတ်သေးဘူး။ ဒါပေမဲ့ အကုန် ထိတ်လန့်ပြီး ပစ္စည်းသိမ်းကြ၊ ဆိုင်ပိတ်ကြနဲ့ ရှုပ်ယှက်ခတ်ကုန်တယ်။”

သူတို့ဘယ်လိုလုပ်ပြီးအပစ်ခံရတယ်ဆိုတာတော့ မသိရကြောင်း၊ ဈေးထဲရောက်နေသူတွေက သေနတ်သံ ၁၀ ချက်လောက်ကြားတယ်လို့ပြောပြီး အနီးကပ်တေ့ပစ်တယ်လို့ ယူဆကြောင်း၊   ဈေးထဲမှာလည်း လူစည်ကားနေတာကြောင့် အဝေးကနေပစ်ရင် တခြားသူတွေပါထိ မှန်နိုင်တယ်လို့ နမ့်ခမ်းဒေသခံကပြောပါတယ်။ 

သေဆုံးသူတွေကို နမ့်ခမ်းဆေးရုံက ဆေးစစ်ဆေးပြီး နာရေးကူညီမှုအဖွဲ့က သင်္ချိုင်းကုန်းကို‌သယ်ဆောင်ကာ မီးသင်္ဂြိုလ်ဖို့ပြင်နေချိန် TNLA လက်နက်ကိုင်အဖွဲ့ကလူ တွေရောက်လာပြီး နာကူအဖွဲ့ကို သေနတ်နဲ့ချိန်ကာ အလောင်း ၂ လောင်းလုံး ပြန်လုသွားတယ်လို့ နောက်ထပ်နမ့်ခမ်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။ 

သေနတ်ပစ်ခံရသူနဲ့ အလောင်းပြန်လုသွားသူတွေဟာ TNLA အဖွဲ့ဝင်တွေဟုတ်မဟုတ် အတည်ပြုဖို့အတွက် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူတွေကို ဒီဗွီဘီကဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး ၊ သူတို့ပြန်ကြားရေးဌာနကတော့ မသိရကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်သာဖြေခွင့်ရှိ ကြောင်း ပြောပါတယ်။

အဆိုပါဈေးကြီးဟာ ဆိုင်ခန်းပေါင်း ၂၀၀၀ လောက်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက PSLF/TNLA အဖွဲ့က အဖွဲ့အစည်းရံပုံငွေအတွက်လို့ဆိုကာ ဆက်ကြေးတွေကျပ်သိန်းနဲ့ချီ ကောက်ခံနေတာကြောင့် ဈေးသူဈေးသားတွေက  ၅ ရက်တာ ဈေးပိတ်ပြီးဆန္ဒပြခဲ့ကြပါတယ်။ 

PSLA/TNLA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ သူတို့ဟာ TNLA တပ်စဖွဲ့ကတည်းက လှုပ်ရှားနယ်မြေတွေမှာ အခွန်ကောက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလမှာ ပြည်သူတွေအခက်အခဲကိုနားလည်လို့ အခွန်အခလျော့ပေးတာတွေရှိကြောင်း၊ နှစ်နဲ့ချီ အခွန်ကောက်လာပြီး ခုမှဆန္ဒပြခံရတာတော့ သွေးထိုးသူတွေရဲ့ပယောဂကြောင့်သာ ဖြစ်ပြီး ဆန္ဒပြခံ ရပေမဲ့ အခွန်ကတော့ ဆက်ကောက်သွားမယ်လို့ ဒီဗွီဘီကို အရင်လက ပြောထားပါတယ်။ 

အခုလို သူတို့တပ်ဖွဲ့ဝင်တွေအပစ်ခံရတာကြောင့် ဈေးထဲလာပြီးဒုက္ခပေးမှာကိုလည်း ကြောက်ရွံ့နေကြတယ်လို့ နမ့်ခမ်းမြို့ခံက ပြောပါတယ်။

Photo- CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013