DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့တွင် မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း နိုင်ငံတကာသံရုံးများ ထုတ်ပြန်
DVB
·
January 4, 2022
လွတ်လပ်ရေးနေ့တွင် မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း နိုင်ငံတကာသံရုံးများ ထုတ်ပြန်
Donate to DVB

ရဲစွမ်းသတ္တိပြည့်ဝတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ပျော်ရွှင်ဖွယ် မင်္ဂလာရှိတဲ့ မြန်မာ့လွတ်လပ်ရေးနေ့  ဖြစ်ပါစေဖို့  ဥရောပသမဂ္ဂ (အီးယူက)  ဆုမွန်ကောင်း ပို့သတဲ့အကြောင်း ဇန်နဝါရီ ၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ စပိန်သံရုံးကလည်း   လွတ်လပ်ရေးရရှိခဲ့တာဟာ မြန်မာပြည်သူပြည်သားတွေအတွက် ပြည်သူတွေအားနဲ့သာ ရရှိခဲ့တာဖြစ်ပြီး  ပြည်သူတွေအားနဲ့သာ မြန်မာနိုင်ငံ​ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေး တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ စပိန်နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ရှိ ဘုရင် ဆဋ္ဌမမြောက် ဖိလစ်က "ကျွန်ုပ်တို့၏ အကြီးမားဆုံးနှင့် အခိုင်မာဆုံးသော ပိုင်ဆိုင် မှုမှာ ကျွန်ုပ်တို့၏နိုင်ငံသားများ၊ ကျွန်ုပ်တို့၏လူမျိုးများဖြစ်သည်ကို ကျွန်ုပ်တို့ မကြာခဏ မေ့လျော့နေကြသည်" ဟု ပြောခဲ့ဖူးကြောင်းလည်း ရည်ညွှန်းဖော်ပြထားခဲ့တာ တွေ့ရပါတယ်။

ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ သံရုံးတွေ အသီးသီးက သဝဏ် လွှာတွေ ပေးပို့ခဲ့ကြသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း မြန်မာပြည်မှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး စစ်အာဏာရှင်ကိုတောင်းဆိုထားပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုကြောင်း၊ စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်စက်ကလူ ပြုမှုတွေကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားဘူးလို့လည်း ဝန်ကြီးဘလင်ကန်က ပြောတဲ့အကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်ပါတယ်။

အလားတူ ဒိန်းမတ်သံရုံးကလည်း မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ကြောင်း  ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုရဲ့ အကျိုး အလို့ငှာ အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းတဲ့ အဖြေကို ရှာဖွေကြဖို့  သက်ဆိုင်သူ အားလုံးအား တိုက်တွန်းထားတဲ့ ကုလ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ကို‌ ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံး ပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့  တောင်းဆိုထားပါတယ်။ 

ရန်ကုန်အခြေအစိုက် ကနေဒါသံရုံးကတော့ ယနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခိုင်နိုင်မှုတို့ကို ချီးကျူး ဂုဏ်ပြုလိုကြောင်း ထုတ်ပြန်ပြောကြားထားပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ ဆုံးရှုံးမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ထိခိုက်နစ်နာမှုတွေ၊ အခက်အခဲတွေကို တွေ့ကြုံခံစားနေရတဲ့ မြန်မာပြည်သူတွေနဲ့ ထပ်တူ ရပ်တည်နေပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနဲ့  ပြစ်မှုကျူးလွန်သူတွေ တာဝန်ယူ၊ တာဝန်ခံခိုင်းရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်နေသူတွေ အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ရရှိရေး မိတ်ဖက်များ အားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

တရုတ်သံရုံးကတော့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုကြောင်းသာ ရေးသား ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ နိုင်ငံတဝန်းပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကတော့ အရှိန်အဟုန်နဲ့ ဆက်လက်ပြီးတော့ လှုပ်ရှားပါဝင်နေကြဆဲဖြစ်သလို လွတ်လပ်ရေးနေ့မှာလည်း “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ဆောင်ပုဒ်နဲ့ နိုင်ငံတဝန်းဆင်နွှဲနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013