DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီက စစ်အင်အား တိုးချဲ့
DVB
·
January 3, 2022
ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီက စစ်အင်အား တိုးချဲ့
Donate to DVB

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မြန်မာနိုင်ငံကို လာရောက်ပြီးနောက်  လုံခြုံရေးအကြောင်းပြချက်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီက အင်အားတိုးမြှင့်ချနေတယ်လို့ ချင်းအမျိုးသားတပ်ဦး တာဝန်ရှိသူက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF)မှ ဆလိုင်းထက်နီက"ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ဘက်မှာ တော့ ပစ်တာခတ်တာတွေ ရှိခဲ့တယ်။ ပလက်ဝကနေ စစ်ကောင်စီအင်အား ၁၅၀ လောက် ပလက် ဝ-မတူပီ အစပ်ဘက်ကို တက်လာတာရှိတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယ နိုင်ငံခြားရေး ဒုဝန်ကြီး မြန်မာပြည်ရောက်လာပြီးတော့မှ ကုလားတန်မြစ်ဆုံစီမံကိန်း ပြည်လည်အကောင်အ ထည်ဖော်ဖို့ ဆိုတာတွေ စစ်ကောင်စီနဲ့ဆွေးနွေးထားတာတွေရှိတယ်။ အဲ့ဒီအတွက် လုံခြုံရေးအ ကြောင်းပြပြီးတော့ တက်လာတာပေါ့။ အဲ့ဒီမှာ လမ်းဖောက်တာတို့ ဘာတို့ကလုပ်လာမှာ။ သူတို့လာရင် ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ ဘက်က အစီအစဉ်ဆွဲထားတာတော့ရှိတာပေါ့"

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်  ရှရီဟာ့ရှ်ဗာဒန်ရှရင်ဂလာဟာ ပြီးခဲ့တဲ့  ဒီဇင်ဘာ ၂၂ နဲ့ ၂၃ ရက်မှာ မြန်မာနိုင်ငံကို အလုပ်သဘော လာရောက်ခဲ့ပြီး စစ်ကောင်စီ ခေါင်းဆောင်အပါဝင် တခြားအဆင့်မြင့် စစ်ကောင်စီဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်မှာ ချင်းပြည်နယ်ထဲက ကုလားတန်မြစ်ဆုံစီမံကိန်းအရေးနဲ့ ပတ်သက်လို့လည်း  စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) တာဝန်ရှိသူက ပြောပါတယ်။

ကုလားတန်မြစ်ဆုံစီမံကိန်းကို အကြောင်းပြုပြီး စစ်ကောင်စီက ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ- မင်းတပ်-မတူပီလမ်းကြောမှာ စစ်အင်အား တိုးမြှင့်ချလာတာလို့လည်းဆိုပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာတော့ စစ်ကောင်စီက အကြမ်းဖက်မီးရှို့တာတွေ ဆက် လက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၃၀ ရက်က မီးလောင်မှုကြောင့် ဘာသာရေးအဆောက်အအုံတွေအ ပါအဝင် နေအိမ် ၅၅ လုံး ထပ်မံပြာကျခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က မီးလောင်ပြာကျတဲ့အဆောက်အအုံတွေထဲမှာ ဘာသာရေးအဆောက် အအုံတွေဖြစ်တဲ့ AG ဘုရားကျောင်း၊ AG Quarter, TBC Hall, TBC Guest House, TBC Nursing School, TABC Office နဲ့ TABC Nubu Inn တို့ ပါဝင်တယ်လို့ Thantlang Placement Affairs Committee က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အကြိမ်ကြိမ်အကြမ်းဖက်မီးရှို့မှုကြောင့် ထန်တလန်မြို့မှာ အိမ်ခြေ ၅၅၀ ကျော်မီး လောင်ပျက်စီးခဲ့ပြီး အဲဒီပမာဏဟာ မြို့တစ်မြို့လုံးက အိမ်ခြေစုစုပေါင်းရဲ့ တစ်ဝက်နီးပါး ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာတော့ နိုင်ငံအနှံ့အင်အားတွေကို စုစည်းထားတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ထောက်ခံမှုနဲ့ အတည်ပြုဖွဲ့စည်းလိုက်ပါတယ်။

နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးယန္တရားအားလုံး လုံးဝရပ်ဆိုင်းသွားအောင် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို ဖွဲ့စည်းလိုက်တာလို့  ဇန်နဝါရီ ၁ ရက်မှာ ပုလဲ PDF က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။  

မြန်မာ့တော်ဝင်နဂါးတပ်တော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထောက်ခံပံ့ပိုးမှုတချို့ကိုလည်း ရရှိထားပြီး နိုင်ငံအနှံ့မှာ စစ်ကောင်စီကို ထိုးစစ်ဆင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

"မြန်မာပြည်အထက်ပိုင်း အလယ်ပိုင်း အောက်ပိုင်းအဖွဲ့တွေကို စုစည်းပြီးတော့ တော်လှန်ရေးကို အရှိန်မြှင့်ဖို့ပေါ့။ ဒါကို စီစဉ်ခဲ့တာလည်း လနဲ့ချီကြာနေပါပြီ။ ပြည်သူကို ဖွင့်ချမပြသေးပေးမယ့် ကျ နော်တို့ ချိတ်ဆက်ထားတာတွေရှိခဲ့ပါတယ်။ နိုင်ငံအနှံ့ စစ်ရေးလှုပ်ရှားမှုလေးတွေ ကြိုးစားကြည့် ချင်တယ်။ အဲ့ဒီအတွက် နိုင်ငံအနှံ့ပြန့်ကျဲနေတဲ့ အင်အားတွေကို စုစည်းပြီးတော့ မြန်မာ့တော်ဝင် နဂါးတပ်တော်ကို ဖွဲ့စည်းလိုက်တယ်။ မဖွဲ့ခင်မှာ NUG ကို အသိပေးထားတယ်။ သူတို့ကလည်း နောက်ကနေ ဝန်းရံပံ့ပိုးပေးမယ်လို့ ကတိပြုထားတယ်။ လုပ်လည်းလုပ်ပေးပါတယ်။ NUG ရဲ့ အားပေးမှုရော ပြည်သူ့ရဲ့ဝန်းရံမှုကြောင့်ရော တော်လှန်ရေးကို မြှင့်တင်ဖို့ ဖွဲ့ဖြစ်လိုက်တာ ဖြစ်ပါတယ်။" 

နိုင်ငံရေး၊ စစ်ရေး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ စစ်ကိုင်း၊ ချင်းနဲ့ မကွေးနယ်စပ် အနောက်မြောက်တိုင်းစစ်ဒေသဟာ မြန်မာနိုင်ငံအတွင်း ပထမဆုံးလွတ်မြောက်နယ်မြေ ဖြစ်လာ နိုင်တဲ့အတွက် စစ်ကောင်စီက အကြမ်းဖက်ဖိအားသုံးပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

ဒေသတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုလည်း စစ်ကောင်စီက ဖြတ်တောက်ထားပြီး ရိက္ခာနဲ့ ဆေးဝါးလမ်းကြောင်းတွေကိုလည်း ကန့်သတ်ထားပါတယ်။

ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့ခုခံနေတာကြောင့် စစ်ကောင်စီက နယ်မြေထိန်း ချုပ်ဖို့ ခက်ခဲနေပါတယ်။ 

ထန်တလန်မြို့ မီးလောင်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေသခံ CDF တွေက မီးရှို့တာလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒေသခံ CDF တွေကတော့ ကိုယ့်ရပ်ရွာကို မီးရှို့ဖို့ ဘာအကြောင်းမှ မရှိဘူးလို့ ဆိုကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013