DVB Logo
Home
Lead Story
ပြည်သူ့အမုန်းနဲ့ အညွန့်တုံး အငွေ့ပျော်ရမယ့် စစ်ပရုတ်လုံး တပ်မတော်
DVB
·
December 30, 2021
ပြည်သူ့အမုန်းနဲ့ အညွန့်တုံး အငွေ့ပျော်ရမယ့် စစ်ပရုတ်လုံး တပ်မတော်
Donate to DVB

သစ်ပင်တပင် ရှင်သန်စိမ်းစိုဖို့ ဆိုတာ အဲဒီသစ်ပင် မှီခိုပေါက်ရောက်ရာ အောက်ခြေမြေသားထုအပေါ်မှာ မူတည်ပါတယ်။ သစ်ပင်ရှင်သန်ရေးအတွက် လိုအပ်ချက်တွေဖြစ် မြေဆီဩဇာနဲ့ အစိုဓာတ်ရေကို မြေသားထုထံကရယူရတာ ဖြစ်ပါတယ်။ အောက်ခြေမြေသားထုက လက်မခံတဲ့သစ်ပင်ဆိုတာ ညှိုးခြောက်ပျောက်ကွယ်သွားကြရမှာပါ။

ထိုနည်း၎င်းပါပဲ၊ တိုင်းပြည်တပြည်ရဲ့ လက်နက်ကိုင်စစ်တပ်ဆိုတာ သစ်ပင်တစ်ပင်လိုပါပဲ။ အောက်ခြေမြေသားထုနဲ့ ပြည်သူလူထုအပေါ် မှီတည်ပြီး ဖြစ်တည်ရှင်သန်ရတာ ဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ဘတ်ဂျက်နဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ဝယ်ယူတပ်ဆင်ရတယ်။ ပြည်သူ့ရိက္ခာတွေ စားသုံးရှင်သန်ကြရတာ ဖြစ်ပါတယ်။ မြေကြီးနဲ့တူတဲ့ ပြည်သူလူထုက လက်မခံတော့တဲ့ စစ်တပ်ဆိုတာ ကြာကြာမရှင်သန်နိုင်ဘဲ ညှိုးခြောက်ပျောက်ကွယ်သွားရမှာပဲ ဖြစ်ပါတယ်။

တကယ်တော့ အာဏာမလုခင်ကတည်းကိုက စစ်တပ်ဟာ ပြည်သူမနှစ်မြို့တဲ့ အခွင့်ထူးခံ လက်နက်ကိုင်တပ် ဖြစ်တာမို့ သမိုင်းကြောင်းမကောင်းတဲ့ အဖွဲ့အစည်းမို့ အသိဉာဏ်ရှိတဲ့ အများပြည်သူသားသမီးတွေဟာ စစ်ထဲမဝင်လိုကြတာ ကြာခဲ့ပါပြီ။ စစ်သားသစ်စုဆောင်းရေးမှာဆို ပွဲစားတွေနဲ့ ကြားခံပြီး ငွေပေးလို့ တပ်အင်အားဖြည့်တင်းတာတောင် တပ်ပြေးတွေ တပုံတပင်ရှိနေတာ မဟုတ်လား။

တပ်ထဲ ရောက်လာသူတွေ၊ ဗိုလ်သင်တန်းတက်လာကြတဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်ရင် ရာထူးရရင် ခိုးမယ်၊ စားမယ်၊ ကြီးပွားအောင်လုပ်ခွင့်ရမှာ မျှော်ကိုးဝင်လာကြသူများတာမို့ စစ်တပ်ဟာ သူခိုး ဓားပြ သူယုတ်မာတွေ စုဝေးရာ ဓားပြဂိုဏ်ကြီးပမာ ဖြစ်လာခဲ့တာပါပဲ။

ဖက်ဆစ်စစ်တပ်နဲ့ဆန့်ကျင်ဘက်ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဘက်ကအခြေအနေမှာတော့ စစ်သင်တန်းတက်ဖို့အတွက် မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံတာဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ (CDSOM) ရဲ့ အမှတ် ၁၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းကို ဒီဇင်ဘာ ၂၉ ရက်နေ့သတင်းမှာ ဖတ်ခဲ့ရပြန်ပါတယ်။

ပြည်သူကလက်ခံတဲ့ ပြည်သူလူထုကိုအမှန်တကယ်ကာကွယ်စောင့်ရှောက်မယ့် PDF တပ်မတော်တွေဘက်ကျတော့ "ဘယ်သင်တန်းသားကိုမှ ကာကွယ်ရေးအဖွဲ့ထဲ ဝင်ဖို့ဆိုပြီး လိုက်စည်းရုံးစရာမလိုပါဘူး။ မလိုဘူးဆိုတဲ့ဟာက သူတို့ကိုယ်တိုင်လည်း မတရားခံနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို မတရားမှုကို သူတို့ကိုယ်တိုင် တွန်းလှန်ချင်ကြတယ်။ အဲဒါကြောင့်မို့လို့ သူတို့ကိုယ်တိုင်က ကျနော်တို့ဆီကို တချို့ဆိုရင် မိဘတွေကိုယ်တိုင်က တောင်းတောင်းပန်ပန်နဲ့ကို လာပြီးတော့အပ်ကြတယ်။ သင်တန်းသားတွေကို ငယ်လွန်းတဲ့အခါကျရင်တောင်မှ လက်မခံဘူး။ သူတို့ရဲ့စိတ်ကိုယ်က မတရားမှုကို တွန်းလှန်ချင်တဲ့စိတ်ကြောင့်မို့ ကျနော်တို့ဆီကိုရောက်လာကြတာပါ” လို့ မြောင် CDSOM တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောဆိုခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တရားဝင်အသံလွင့်ဌာနဖြစ်တဲ့ PVTV ရဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်တွေအရ ပြည်သူ့ခုခံတော်လှန်စစ် တတိယလ တစ်လတာ နိုဝင်ဘာ ၇ ရက်ကနေ  ဒီဇင်ဘာ ၆ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ထောင်ကျော် သေဆုံးပြီး ​ခြောက်ရာကျော် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် တတိယလ တစ်လတာအတွင်း တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြားမှာ တိုက်ပွဲ ၄၇၁ ကြိမ်၊ ဗုံးပေါက်ကွဲမှု ၃၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲ ၁၇၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့  ထုတ်ပြန်ထားတာ ဖတ်ခဲ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကနေ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်နေပြီးတော့  အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်ကို ရဲရဲဝံ့ဝံ့ ရပ်တည်လာကြတဲ့ စစ်သား CDM နှင့် ရဲ CDM တွေလည်း နေ့စဉ်များပြားလာနေတယ်လို့ ဆိုပါတယ်

အရင်တုန်းကတော့  လက်နက်ချ အလင်းဝင်တယ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လက်နက်ချတာလို့ပဲ ဝါဒဖြန့်သုံးနှုန်းကြရာက အခုချိန်က ပြောင်းပြန်ဖြစ်နေပြီ။ ဒီဇင်ဘာ ၂၈ ရက် သတင်းတွေထဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ရာနေရာများသို့ အလင်းဝင်ရောက်လာသူ ၄၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း KNU/ KNLA အမှတ် ၅ တပ်မဟာ မှတ်တမ်းများအရ ကေအဲန်ယူ - မူတြော်သတင်းစဉ်မှာ ထုတ်ပြန်လာတယ်လို့ ဆိုပါတယ်။

ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အထွတ်အမြတ် ပြီးခဲ့တဲ့ ခရစ္စမတ်ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီက ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို လေကြောင်း၊ ကုန်းကြောင်း အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ရာမှာ နိုင်ငံတဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးဘက်မှ ၅ ဦးထက်မနည်း ကျဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်း ကောက်ယူရရှိကြောင်း သတင်းထုတ်ပြန်တာလည်း ဖတ်ရှုခဲ့ရပါတယ်။

ပြီးခဲ့တဲ့ (၂၇.၁၂.၂၀၂၁) ရက်နေ့ တရက်တည်းမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ  ၇ ဦးရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ပြောချင်တာက စစ်သားသစ် မရှိသလောက်ဖြစ်နေတဲ့ ပြည်သူနဲ့ စစ်ဖြစ်နေတဲ့လက်နက်ကိုင် ဓားပြဖက်ဆစ်စစ်တပ်ဟာ နေ့စဉ် ပျမ်းမျှ စစ်သား ၄၀ လောက်သေဆုံးနေတာမို့  ၃ လကျော် ၄ လတွင်းမှာ ၂၀၀၀ ကျော် ၃၀၀၀ နီးပါး ရှိနေပါပြီ။ စစ်ပြေး၊ ရဲပြေး ပြည်သူ့စစ်သား အရေအတွက်ကလည်း တိုးပွားလာနေတာ ဖြစ်ပါတယ်။ မပြေးလို့လည်း မရတော့တဲ့ အခြေအနေ၊ စစ်သား ရဲသား ဆိုရင် အရပ်ထဲ ရွာထဲ ပြည်သူတွေကြား ခွင့်ရရင်တောင် မပြန်ရဲ၊ လက်ဖက်ရည် မသောက်ရဲ ဈေးဝယ်မထွက်ရဲတဲ့ အခြေအနေ စရောက်လာနေပြီလေ။

ဆောင်းပါးကို နိဂုံးချုပ်ရရင် အပေါင်းလက္ခဏာမရှိဘဲ အနုတ်လက္ခဏာတွေသာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အဘက်ဘက်မှာ ယိုယွင်းလာပြီး လေစားတဲ့ ပရုတ်လုံးလို တနေ့တခြား လုံးပါးပါးလာနေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

စိတ်ဓာတ်မမှန်ကန်တဲ့၊ အကျင့်မကောင်းတဲ့ သူခိုးဓားပြ၊ စစ်ရာဇဝတ်ကောင်။ ဘီလူးသဘက်တွေစုရုံးနေရာ၊ မိစ္ဆာသားရဲတွင်းလိုဖြစ်နေတဲ့ မြန်မာ့တပ်မတော်အမည်ခံ လက်နက်ကိုင်အကြမ်းဖက်တပ်ဟာ တွယ်ကပ်ပေါက်ရောက်စရာ ရေခံ‌မြေခံမရှိတော့တာမို့ ရှင်သန်စရာအကြောင်း မရှိတော့ပါဘူး။

ဒါပေမဲ့လည်း မြန်မာပြည်သူတွေဟာ နိုင်ငံနဲ့ လူထုအတွက် အဆိပ်အတောက် ဓားပြတပ်ကို အခုလို အချိန်အကြာကြီးယူပြီး လေစားတဲ့ ပရုတ်လုံးကို တဖြည်းဖြည်း ပါးပါးအောင် ထိုင်စောင့်မနေနိုင်ပါဘူး။

အဖိုးတန်တဲ့ လူ့အသက်တွေ အဆုံးအရှုံး နည်းနိုင်သမျှနည်းပြီး နွေဦးတော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့  ပရုတ်လုံးကို တူနဲ့ ခွပ်ခနဲ ကွဲကြေသွားအောင် ထုချေပစ်နိုင်မယ့် နည်းလမ်းတွေကို အားထုတ်ပြင်ဆင်နေကြပါပြီ။

နွေဦးထီ၊ ငွေတိုက်စာချုပ်၊ Click 2 Donate၊ ပြည်တွင်း ပြည်ပက လှူဒါန်းမှုအမျိုးမျိုး၊ ဈေးရောင်းပွဲတော်တွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ စာနာ‌ဖေးမမှု အကူအညီတွေ၊ လိုအပ်တဲ့ စစ်လက်နက်‌တွေ ဖြည့်တင်းနိုင်ပြီး အားပြည့်လာတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန်တိုတစ်ခုအတွင်း စစ်ပရုတ်လုံးကို ထုချေရှင်းလင်းလို့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီသစ် တည်နိုင်မှာ ဧကန်မုချမလွဲပါကြောင်း။ 

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013