DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိဆင်နွှဲ​နေပြီး အချိန်ပေးရန် NUG ကာကွယ်ရေးဝန်ကြီး ပြော
DVB
·
December 26, 2021
ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိဆင်နွှဲ​နေပြီး အချိန်ပေးရန် NUG ကာကွယ်ရေးဝန်ကြီး ပြော
Donate to DVB

မဟာမိတ်တွေနဲ့ ညှိနှိုင်းရေးဆွဲထားတဲ့ မဟာဗျူဟာအစီအစဉ်ကို စနစ်တကျ အဆင့်လိုက် အကောင်အထည်ဖော်နေပြီး အချိန်နည်းနည်းပေးဖို့နဲ့ အကြံပြုတိုက်တွန်းတာတွေကိုလည်း နာခံဖို့ အသင့်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (NUG/MOD) ဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလို အသိပေးရေးသားထားတာပါ။

“ဒီ​နေရာမှာ Chain Of Command တည်​ဆောက်မှုဟာ အင်မတန်အ​ရေးကြီးပါတယ်။ ပြည်သူ့​တော်လှန်​ရေးတစ်စုံလုံးရဲ့ Chain Of Command ဟာ NUG/MOD နဲ့ မဟာမိတ်များ ပူး​ပေါင်း​ဖော်​ဆောင်ထားတဲ့ ကွပ်ကဲမှုစနစ် ဖြစ်ပါတယ်။ လတ်တ​လော နိုင်ငံအနှံ့ ပေါ်ပေါက်နေတဲ့ အ​ရေးကြီးတဲ့ တိုက်ပွဲ​တွေဟာ ဒီ Chain Of Command​ အောက်က သွား​နေတာ ဖြစ်ပါတယ်။  အရပ်ဘက်ကွပ်ကဲမှုကို NUG/MOD က တာဝန်ယူပြီး စစ်​ရေးဦး​ဆောင်မှုကို မဟာမိတ် စစ်​ရေးကျွမ်းကျင်သူများက တာဝန်ယူပါတယ်။ ဒေသတိုင်း၊ တိုက်ပွဲတိုင်း၊ တပ်ဖွဲ့ တိုင်းဆီကို ဒီ Chain Of Command​ ရောက်ရှိဖို့ ကျနော်တို့  မနားမ​နေ ကြိုးစား​​နေပါတယ်။" 

အထူးသဖြင့် မဟာမိတ်တွေနဲ့ ညှိနှိုင်း​ရေးဆွဲထားတဲ့ မဟာဗျူဟာ အစီအစဥ်ကို စနစ်တကျ အဆင့်လိုက် အ​ကောင်အထည်​ဖော်​နေတာလို့ သူက ဆိုပါတယ်။

“စစ်​မြေပြင် တစနေရာမှာ ကိုယ့်ရဲ​ဘော်​တွေ ထိခိုက်တယ်၊ ကျဆုံးတယ်ဆိုတဲ့ သတင်းကြားတိုင်း NUG အ​ပေါ် အားမလို အားမရ ဖြစ်ကြတဲ့အ​ပေါ် ကျနော်တို့ ​ကောင်း​ကောင်း နားလည်ပါတယ်။ NUG ဘာလုပ်​နေသလဲလို့ ပြစ်တင်​မောင်းမဲကြတာ​တွေ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ) ကိုလည်း ကျနော်တို့ အ​လေးအနက်ထားပါတယ်။ သို့​သော် စစ်မဟာဗျူဟာနဲ့ စီမံချက်များဟာ စစ်​ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်တဲ့အတွက် အားလုံး အသိ​ပေး ရှင်းပြခြင်း မပြုနိုင်တဲ့အ​ပေါ် နားလည်​ပေးဖို့ ​ပန်ကြားပါတယ်။”

NUG ကာကွယ်ရေးဝန်ကြီးဌာနအ​နေနဲ့ ရှိတဲ့အရင်းအမြစ်အားလုံးကို အကျိုးအရှိဆုံး အထိ​ရောက်ဆုံးဖြစ်​အောင် စီမံခန့်ခွဲ သုံးစွဲ​နေတယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။ 

“အခုဆိုရင် Regular PDF  တပ်ရင်းများ ရာနဲ့ချီပြီး စနစ်ကျတဲ့ Chain Of Command ​အောက်မှာ ဖွဲ့စည်းထူ​ထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ မျှမျှတတဖြစ်​အောင် စီမံ​ဆောင်ရွက်​နေပါတယ်။ တချိန်တည်းမှာပဲ စစ်မဟာဗျူဟာအရ စစ်​ရေးစီမံချက်အရ ဦးစား​ပေးတပ်ဆင်ရတဲ့ ​ဒေသ​တွေ ရှိဆိုတာလည်း အစီရင်ခံလိုပါတယ်။ စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်​ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာ​တော့ မဟုတ်ပါဘူး။ အမိန့်​ပေး ကွပ်ကဲမှုစနစ် Chain Of Command တည်​ဆောက်မှု၊ မဟာမိတ်​တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်း​ဆောက်ရွက်မှု၊​ထောက်ပို့နဲ့ ဆက်သွယ်​ရေးယန္တရား တည်​ဆောက်မှု၊ ဗျူဟာ​မြောက် ဟန်ချက်ညီ ​ဆောင်ရွက်နိုင်မှု​တွေဟာ အလွန် အ​ရေးကြီးပါတယ်။" 

လက်ရှီမှာ PDF တပ်ဖွဲ့ ဝင်​တွေဟာ မဟာမိတ်ရဲ​ဘော်​တွေနဲ့ လက်တွဲပြီး စစ်​မြေပြင်မှာ လက်​တွေ့တိုက်ပွဲဝင်​နေကြသလို တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်​နေတဲ့ PDF တပ်ရင်းတပ်ဖွဲ့​တွေလည်း အ​မြောက်အမြား ရှိ​နေပြီလို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် သမိုင်းတ​လျှောက် မကြုံဖူးတဲ့ ပြည်သူ့​ထောက်ခံပါဝင်မှု၊ ​တော်လှန်​ရေးအင်အားစုတွေအကြား မကြုံဖူးတဲ့ အမျိုးသား စုစည်းညီညွတ်မှုကို တည်​ဆောက်ထားနိုင်တဲ့ အ​ခြေအ​နေမှာ ဒီ​တော်လှန်​ရေး မုချ​အောင်မယ်လို့ ယုံကြည်ပြီး NUG အ​နေနဲ့လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ မခိုမကပ် အလုပ်လုပ်​နေတယ်လို့ သူက ဆိုပါတယ်။ 

“စစ်​ကောင်စီရဲ့ အကြမ်းဖက် နှိပ်စက်မှုကို အပြင်းအထန် ခံ​နေရတဲ့ ပြည်သူ​တွေ၊ စစ်​မြေပြင်မှာ အသက်စွန့် တိုက်ပွဲဝင်​နေတဲ့ ​တော်လှန်​ရေးရဲ​ဘော်​တွေ အားတက်​စေမယ့်စကား၊ ​တော်လှန်စစ်အတွက် အကျိုးရှိ​ရ​စေမယ့်စကားကို များများဆို​စေလိုပါတယ်။ NUG၊ PDF နဲ့ မဟာမိတ်​တွေကို အချိန်တခု ​ပေးပါ၊ မိတ်​ဆွေတို့ ​မျှော်လင့်တဲ့ ရလဒ်များကို သူတို့ ရယူ​ပေးပါလိမ့်မယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခွင့် မရ​စေရဘူးဆိုတာ ကတိပြုပါတယ်။" 

ပြီးတော့ ရဲဘော်မိတ်ဆွေတွေရဲ့ လေးနက်​တဲ့အကြံပြု တိုက်တွန်းချက်တွေအ​ပေါ်မှာလည်း နာခံ​ဆောင်ရွက်သွားဖို့ အသင့် ရှိ​​တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင် အပါအဝင် ပြည်နယ်နဲ့တိုင်းအတော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက မြေပြင်နဲ့ ဝေဟင်ကပါ စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် ပြည်သူ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013