DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းပေးအပ်
DVB
·
December 23, 2021
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းပေးအပ်
Donate to DVB

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အိန္ဒိယအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် ရှရီဟာ့ရှ်ဗာဒန်ရှရင်ဂလာဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်တွေထံ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁ သန်းပေးအပ်လှူဒါန်းလိုက်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်သူတွေအပါအဝင် မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရာမှာ ကူညီထောက်ပံ့နိုင်ဖို့ လက်ဆောင်ပေးခဲ့တာလို့  အိန္ဒိယသံရုံးက သတင်းထုတ်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ  ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်တာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံမှာ   ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယရဲ့ အဆင့်မြင့်အရာရှိတဦးအနေနဲ့ ပထမဆုံးလာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ 

အခုနှစ်  ဇန်နဝါရီလက အိန္ဒိယအစိုးရရဲ့  ကိုဗစ်-၁၉  ကာကွယ်ဆေး တင်ပို့ရောင်းချမှု အစီအစဉ်ကို စတင်ခဲ့ချိန်က ကမ္ဘာတဝန်းက နိုင်ငံတွေကို လူသားချင်းစာနာမှုအရ ရောင်းချတဲ့  Vaccine Maitri initiative အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့  မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါတို့နဲ့အတူ Serum Institute of India (SII) ရဲ့ Covishield ကာကွယ်ဆေးကို လက်ခံရရှိခဲ့တာပါ။

ဇန်နဝါရီ ၂၂ ရက်မှာ မြန်မာနိုင်ငံကို ပထမဆုံး ကာကွယ်ဆေးတွေ ပေးပို့ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံဟာ အခုချိန်အထိ ကာကွယ်ဆေး အလုံးရေ ၄၇ သိန်း ပေးပို့ထားပြီးဖြစ်ပါတယ်။ 

အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ ခရီးစဉ်အတွင်းမှာ စစ်ကောင်စီတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်တွေ၊ လုံခြုံရေးနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ရေးရာ ကိစ္စရပ်တွေနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးပွားလာတဲ့ သတင်းတွေကြောင့် မြန်မာအကျပ်အတည်းဟာ အိန္ဒိယနိုင်ငံထဲ ဖိတ်စင်ပြန့်ကျဲလာမှာကို အိန္ဒိယအစိုးရက စိုးရိမ်နေတာဖြစ်ပါတယ်။ 

Photo Credit-India Embassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013