DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ ဘာသာရေးလှည့်ကွက်အတွင်း မကျရောက်စေရေး သတိပြုရန် YDF ပန်ကြား
DVB
·
December 20, 2021
စစ်ကောင်စီ၏ ဘာသာရေးလှည့်ကွက်အတွင်း မကျရောက်စေရေး သတိပြုရန် YDF ပန်ကြား
Donate to DVB

ဘုန်းကြီးအတုယောင်တွေ သင်္ကန်းဝတ်ပြီး အကြမ်းဖက်မှုတွေ ပြုလုပ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ ဂန့်ဂေါခရိုင်အတွင်းရှိ သံဃာတော် အရှင်သူမြတ်တွေအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာတာ  ရှောင်ကြဉ်ပေးကြဖို့  ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က မေတ္တာရပ်ခံ လျှောက်ထား ပန်ကြားလိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ဘာသာရေး လှည့်ကွက်တွေအတွင်း ကျရောက်ခြင်း မရှိအောင် ပြည်သူတွေအားလုံး အထူးသတိထား နေထိုင်ပေးကြဖို့လည်း ဂန့်ဂေါခရိုင်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူတွေထံ YDF က အသိပေး ကြေညာထားပါတယ်။

စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ်မှာ  သင်္ဃန်းအစုံ ၂၀၀ ဝယ်ပြီး အသွင်ပြောင်းအင်အားဖြန့်ဖို့ ကြိုးစားနေတာကြောင့် ယောဒေသတွင်း ၅ မြို့နယ်မှာ သံဃာတွေ ခရီးသွားလာခွင့်ကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။ 

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊ ကျောက်ထု မြို့နယ်တွေမှာ သံဃာတွေ ခရီးသွားလာခွင့်ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က မေတ္တာရပ်ခံကန့်သတ်လိုက်တာလို့ YDF တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဒီကန့်သတ်ချက်ကို YDF က ပြန်မပယ်မဖျက်မချင်း ယောဒေသအတွင်းမှာ သံဃာတွေ ခရီးမသွားကြဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

ယောဒေသ ဂန့်ဂေါခရိုင်အတွင်းရှိ သင်္ကန်းအရောင်းဆိုင်တွေမှာ စစ်ကောင်စီက သင်္ကန်းအစုံရေ ၂၀၀ လောက် ဝယ်ယူသွားတာ သတင်းရရှိထားသလို စစ်တပ်ကလည်း ဒေသတွင်းရှိ သာသနိက အဆောက်အဦတွေမှာ  တပ်စွဲနေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။ 

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) အနေနဲ့ မသင်္ကာတဲ့ကားတွေကို တားဆီး စစ်ဆေးရာမှာ လိုအပ်ပါက ခရီသွားရဟန်းတွေကိုလည်း စစ်ဆေးရတာလည်းရှိလို့ အဂါရဝတရားနဲ့ စစ်ဆေးတယ်လို့ မမြင်စေလိုဘဲ အများပြည်သူရဲ့ အသက်အန္တရာယ် လုံခြုံရေးအရ လိုအပ်တဲ့ စစ်ဆေးမှုပြုလုပ်နေတာကို နားလည်ပေးပြီး ပူးပေါင်းပါဝင်ပေးကြဖို့လည်း သံဃာတော်တွေကို  လျှောက်ထားပါတယ်။

YDF တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ်မှာ သင်္ဃန်းအစုံ ၂၀၀ ဝယ်တယ်ဗျ။ ဂန့်ဂေါသာသနာ့ဗိမ္မာန်မှာလည်း သန့်ရှင်းရေးတွေ ဘာတွေ လုပ်နေတယ်ဗျ။ သူတို့ မကောင်းတာ တစ်ခုခု လုပ်တော့မယ်လို့ မြင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ယင်းမာပင်နယ်တကြောမှာလည်း သင်္ဃန်းဝတ်သံဃာအတုအယောင်တွေကို အသုံးချပြီး PDF တွေရဲ့ သတင်းတွေကို ရယူဖို့ ကြိုးစားနေပါတယ်။ မကွေးတိုင်း၊ ယောနယ်မှာလည်း ဘာသာရေးကို အသုံးချပြီး အလားတူလုပ်ရပ်တွေ လုပ်ဆောင်လာနေတယ်လို့ ဒေသခံ PDF က ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်  မကွေးလေဆိပ်ဘက်ကထွက်လာတဲ့ စစ်ရဟတ်ယာဉ် ၄ စီးဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဘက်ကို ဦးတည်နေတယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမား ကိုမောင်မောင်ပီ (ပုလဲ)က ပြောပါတယ်။

“မုံရွာ၊ ချင်းတွင်းမြစ်တစ်ဘက်ကမ်းက ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းချီလာတယ်။ မနေ့က ယင်းမာပင်မှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်တယ်။ မိုင်းဆွဲတာတွေ ရှိတယ်။ သူတို့ကတော ဘေးဘယ်ညာကို ရမ်းပြီးတော့ စစ်ထိုးလာတယ်။ ဒီနေ့မနက်ပိုင်းကနေစပြီးတော့ စစ်ကား ၉ စီးပါတဲ့ ယာဉ်တန်းဟာ ယင်းမာပင်မြို့အဝင်နားက အ.ထ.က မှာ တပ်စခန်းခဏချနေတယ်။ အဲ့ဒီမှာ နောက်ချန်အင်အား ထားခဲ့ပြီးတော့ ဆက်လက်ပြီးတော့ ပုလဲမြို့ဘက်ကို စတင်ထွက်ခွာနေတယ်။ အင်အား ၁၀၀ လောက်ရှိတယ်။ ပခုက္ကူ မကွေးလေဆိပ်ဘက်နေပြီးတော့ ရဟတ်ယာဉ် ၄ စီးဟာ ပုလဲနယ် ပုံတောင်-ပုံညာဘက်ကို ဦးတည်ပျံသန်းနေတယ်။” 

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အလွန်အကျွံအင်အားသုံး ထိုးစစ်ဆင်နေသလို  ချင်းပြည်နယ် မင်းတပ်မြို့ကိုလည်း စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးတွေ ဗျူဟာပြောင်း ဆောင်ရွက်နေတယ်လို့ မင်းတပ် CDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

လတ်တလော မင်းတပ်မြို့အနီး ဘုရားစခန်းကျေးရွာနဲ့ ဝုမ်းခုမ်ရွာအနီးတောတွေထဲမှာ စစ်ကောင်စီအင်အား ၂၀၀ နီးပါး ဖြန့်ထားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF တို့ ပစ်ခတ်မှု ၂ ကြိမ်ရှိခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီက အရင်ကလို ထိပ်တိုက်တွေ့ဆုံတာမျိုး မလုပ်တော့ဘဲ CDF တွေကို စစ်ပန်းပြီး အားနည်းအောင်လုပ်တဲ့ နည်းလမ်းကို သုံးနေတယ်လို့ မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ 

ချင်းပြည်နယ်မှာတော့ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးရတဲ့ ခရစ်ယာန် သင်းအုပ်ဆရာ ၃ ယောက်အထိရှိနေပြီး ၁ ယောက်ကို ဖမ်းဆီးထားပါတယ်။ 

စစ်ကောင်စီဟာ အနောက်မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်ဖို့ ဘာသာရေးပါမကျန် နည်းလမ်းပေါင်းစုံကို သုံးနေတာဖြစ်ပြီး ဒေသခံ PDF တွေအကြား စိတ်ဝမ်းကွဲအောင် စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးတွေပါ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013