DVB Logo
Home
မြန်မာသတင်း
နှမ်းခါးကျေးရွာကို စစ်ရဟတ်ယာဉ်သုံး ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀ ထက်မနည်းသေဆုံး (ရုပ်သံ)
DVB
·
December 20, 2021
နှမ်းခါးကျေးရွာကို စစ်ရဟတ်ယာဉ်သုံး ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀ ထက်မနည်းသေဆုံး (ရုပ်သံ)
1 / 3
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဝေဟင်ကနေ ရဟတ်ယာဉ်တွေသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃၀ ထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံပရဟိတလူငယ်တဦးက “စာသင်ကျောင်းထဲက အလောင်း ၁၄ လောင်းကောက်ပြီးပြီ။ နောက်ထပ်ကောက်ဖို့လည်း ကျန်နေသေးတယ်။ နှမ်းခါးချောင်းတံတားပေါ်ကိုဖြတ်သွားတဲ့ နာရေးကားလည်း RPG နဲ့ အထုခံရလို့ ချောင်းထဲထိုးကျပြီး ကားပေါ်ပါတဲ့သူတွေ သေဆုံးနိုင်တယ်။ အရေအတွက်အတိအကျတော့ မသိရသေးဘူး။ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေအထိကတော့ ကောက်လို့ရတဲ့အလောင်း ၂၀ ထက်မနည်းဘူး” လို့ ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ပစ်ခတ်ချိန် ဆိုင်ကယ်စီးနင်းပြီး ထွက်ပြေးတဲ့သူတွေနဲ့ ခြေလျင်ထွက်ပြေးသူတွေ ကျည်ဆန်ထိမှန်သေဆုံးတဲ့ ရုပ်အလောင်း ၁၀  လောင်းနီးပါးကိုတော့ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။

နှမ်းခါးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေကို မီးရှို့နေတဲ့အတွက် နေအိမ်အချို့လည်း မီးလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ဒေသခံတဦးက “ရွာကအိမ် ၅ လုံးထက်မနည်းလည်း မီးရှို့ခံထားရတယ်။ ရွာသားတွေလည်း ထွက်ပြေးနေကြရတာဆိုတော့ မီးငြိမ်းဖို့လူသိပ်မရှိဘူး” လို့ ပြောပါတယ်။

ပြီးခဲ့သည့် လပိုင်းတွေကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နှမ်းခါးကျေးရွာက လူနေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် လူနေအိမ် ၆၀ ကျော် မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက နှမ်းခါးကျေးရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အစည်းအဝေးပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှမ်းခါးကျေးရွာကို ဝေဟင်ကနေ ရဟတ်ယာဉ်တွေသုံးပြီး ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။

နှမ်းခါးကျေးရွာဟာ လူဦးရေ ၁၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်ကောင်စီရဲ့ အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်မီးရှို့မှုတွေကြောင့် ဒေသခံကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေအသုံးပြုပြီး ပစ်ခတ်ခဲ့တဲ့အတွက် ဂန့်ဂေါ-ကလေးကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားလိုက်တယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) တို့က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အသီးသီးထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013