
မြန်မာနိုင်ငံ နေပြည်တော်နဲ့ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းတို့မှာ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ သံရုံးတွေကို ၂၀၂၆ အောက်တိုဘာလအတွင်း တရား၀င် ဖွင့်လိုက်ပြီလို့ ဘယ်လာရုစ် နိုင်ငံခြားရေး၀န်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်က သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာ့အထီးကျန်ဆုံးနိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ စစ်အာဏာရှင် ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ သံတမန်ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့ သဘောတူညီချက်တွေကို ဘီလာရုစ် အာဏာရှင် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ အဆိုပါ ၂ နိုင်ငံက ခေါင်းဆောင်တွေအကြား ဆွေးနွေးပွဲတွေမှာ ရရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို သံရုံးသစ် ဖွင့်လှစ်တာဟာ ဝေးကွာတဲ့ ပထဝီဝင်ဒေသတွေရှိ နိုင်ငံတွေမှာ စီးပွားရေးနဲ့ သံတမန်ရေး ပါဝင်မှုကို မြှင့်တင်ဖို့ ဘယ်လာရုစ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တဲ့ မူဝါဒရဲ့ ရလဒ်တခု ဖြစ်ပါတယ်။
ဘယ်လာရုစ်နိုင်ငံ ပြည်ပရှိ သံရုံးနဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ မြောက်ကိုရီးယား၊ မြန်မာနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိစေမဲ့ ဆက်ဆံရေးတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ရှေးရှုသွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံဟာ ၁၉၉၉ ခုနှစ်က စပြီး သံတမန်ဆက်သွယ်ရေး စတင်ခဲ့ပြီး အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သဘောတူစာချုပ်ကို စစ်အာဏာရှင်လက်ထက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး ဘယ်လာရုစ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၄ ရက်က စစ်အာဏာရှင်လွှတ်တော်မှာ အတိုးနှုန်းကြီးတဲ့ ပို့ကုန်ချေးငွေတွေကို ဘယ်လာရုစ်နိုင်ငံကနေ ချေးယူဖို့ အတည်ပြုခဲ့ပါတယ်။











