စစ်ကောင်စီတပ်တွေက လေးကေ့ကော်မြို့တွင်းကို ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးခဲ့မှုဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်လိုက်တာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုက ဒီဇင်ဘာ ၁၆ ရက် ဒီနေ့ ည ထုတ်ပြန်လိုက်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာကာ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ခိုလှုံနေသူတွေကို ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ကေအန်ယူက ထုတ်ပြန်လိုက်တာပါ။
ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုတွေဟာ အာဏာသိမ်း စစ်ကောင်စီ တပ်တွေ လေးကေ့ကော်မြို့တွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ခဲ့လို့ ဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့ လေးကေ့ကော် မြို့တွင်းသို့ ဇွတ်အတင်း ဝင်ရောက်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်လာတာကြောင့် နောက်ဆက်တွဲ အနေနဲ့ တိုက်ပွဲတွေ ဖြစ်လာရတာလို့လည်းဆိုပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီ တပ်ဘက်မှ ဗိုလ်ကြီး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်နဲ့ တပ်ကြပ် ၁ ယောက် အပါအဝင် စုစုပေါင်း ၄ ယောက်သေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ယောက်၊ ဗိုလ်ကြီး ၁ ယောက်နဲ့ တပ်သား ၂ ယောက် စုစုပေါင်း ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူက ဆိုပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်ဒီနေ့မှာလည်း ကျွန်းတောအရပ်မှာ တနေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ စာရင်းကိုတော့ အတိအကျမသိရသေးပါဘူး ။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံရွာသားတချို့ ထိခိုက်ဒဏ်ရာရတာ ရှိခဲ့သလို ထိုင်းနိုင်ငံဘက်ကိုလည်း လက်နက်ကြီးကျည်တွေကျရောက်ခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် လေးကေ့ကော် အနီးနား ပတ်ဝန်းကျင်က ပြည်သူလူထုပေါင်း ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာ ၈၀၀ ကျော်လောက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ အတွက် ထိုင်းဘက်က ယာယီ ခိုလှုံရာနေရာတွေ စီစဉ် စောင့်ရှောက်ထားရပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ (NLD) ခေါင်းဆောင်တွေနဲ့ CDM တချို့ကို ကေအန်ယူက လူသားချင်းစာနာထောက်ထားမှုအရ လေးကေ့ကော်မြို့သစ်မှာ ခိုလှုံခွင့်ပေးခဲ့ထားတာလို့ လည်း ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။