Home
မြန်မာသတင်း
DVB သတင်းထောက် ကိုအောင်စံလင်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် CPJ တောင်းဆို
DVB
·
December 15, 2021

မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုအောင်စံလင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သူ့အပေါ် စွဲချက်တင်ထားတာတွေကနေ ပြစ်ဒဏ်လွတ်ကင်းပေးဖို့ နယူးယောက်ခ်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ 

ဒီဇင်ဘာလ ၁၁ ရက် ညသန်းခေါင်အချိန်လောက်က စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်ခြမ်း ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာရှိ ကိုအောင်စံလင်းရဲ့နေအိမ်ကို စစ်သား ၂၀ လောက်က ဝင်ရောက်စီးနင်းပြီး ရိုက်နှက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ သတင်းထောက် ကိုအောင်စံလင်းကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးသင့်ပြီး သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ဖော်ထုတ်အရေးယူသင့်ကြောင်း CPJ ရဲ့ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။  ဒါကို ရာဇ၀တ်မှုမြောက်တဲ့ ပြစ်မှုလို့ သတင်းဖော်ပြတာကို  မြန်မာစစ်အုပ်စုအနေနဲ့ ရပ်တန့်ပေးရမယ်လို့လည်း ဆိုပါတယ်။

စစ်သားတွေဟာ ကိုအောင်စံလင်းကို ဝက်လက်မြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားပြီး ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီလောက်မှာတော့ ရွှေဘိုလေ့ကျင့်ရေးတပ် စစ်ကြောရေးစခန်းသို့ လွှဲပြောင်းပို့ဆောင် ချုပ်နှောင်ထားပါတယ်။

ဖမ်းဆီးခံနေရတဲ့ ကိုအောင်စံလင်းကို စစ်ကောင်စီက အမှုစွဲချက်တင်ထားခြင်းရှိ မရှိ မသိရသေးသလို မိသားစုကလည်း  အဆက်အသွယ်မရ သတင်းမကြားရလို့  စိုးရိမ်ပူပန်နေပါတယ်။

စစ်အာဏာသိမ်းပြီး စစ်ကောင်စီက မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပိတ်ပင်ခဲ့သလို  DVB သတင်းထောက်တွေအပါအဝင် သတင်းသမားတွေ ၁၀၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။ 

နောက်ပိုင်းမှာ တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ သတင်းသမားပေါင်း ၅၇ ယောက်ရှိတယ်လို့ RSF က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024