DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်ပြည်သူများထံ အကူအညီမပေးနိုင်စေရန် စစ်ကောင်စီ ပိတ်ဆို့တားဆီး
DVB
·
December 13, 2021
စစ်ဘေးရှောင်ပြည်သူများထံ အကူအညီမပေးနိုင်စေရန် စစ်ကောင်စီ ပိတ်ဆို့တားဆီး
Donate to DVB

မြန်မာစစ်ကောင်စီဟာ သန်းနဲ့ချီတဲ့ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်တွေနဲ့ တခြားသော အန္တရာယ် ကျရောက်နေတဲ့သူတွေဆီ အလွန်အမင်းကို လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသက်ကယ်အကူအညီတွေကို မပေးပို့နိုင်အောင် ပိတ်ဆို့ထားတယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နဲ့ သက်ဆိုင်ရာအစိုးရတွေဟာ လိုအပ်နေတဲ့ အကူအညီတွေ အားလုံးကို အရေးတကြီး လက်လှမ်းမီမီ ရောက်ရှိနိုင်စေဖို့ စစ်အာဏာရှင်အဖွဲ့ရဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဖိအားပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

မကြာသေးမီလတွေအတွင်းမှာ စစ်အုပ်စုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ လူမှုကူညီရေး လုပ်သားတွေကို ခရီးသွားလာခွင့်ကန့်သတ်ချက်အသစ်တွေ ချမှတ်ခဲ့ပြီး ဝင်ရောက်ရမယ့် လမ်းတွေနဲ့ အကူအညီပေးရေးယာဉ်တန်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

စစ်ဘက်နဲ့မဆိုင်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကူအညီပေးရေး ဝန်ထမ်းတွေကို တိုက်ခိုက်ခြင်းနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

မြန်မာစစ်အာဏာပိုင်တွေဟာ ထိခိုက်လွယ်အုပ်စုတွေအတွက် အကူအညီတွေရရှိရေးကို ကာလရှည်ကြာ တားမြစ်ပိတ်ပင်ထားချိန်မှာပဲ တနိုင်ငံလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို ဖန်တီးပြီး ကန့်သတ်ချက်အသစ်တွေကို စစ်အုပ်စုက ချမှတ်ထားပါတယ်။ 

အာဏာသိမ်းမှုမတိုင်ခင်က အကူအညီလိုတဲ့ လူဦးရေဟာ ၁ သန်းကနေ ၂၀၂၂ ခုနှစ်မှာတော့ ကလေး ၅ သန်းကျော် အပါအဝင် လူပေါင်း ၁၄ ဒသမ ၄ သန်းကို ရောက်ရှိသွားမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

လူဦးရေ ၂၅ သန်း သို့မဟုတ် လူဦးရေ ထက်ဝက်လောက်ဟာ နိုင်ငံတော်ဆင်းရဲမွဲတေမှု အခြေပြမျဉ်းအောက်မှာ နေရနိုင်တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီအုပ်စုရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေးကောင်စီ၊ ဥရောပပါလီမန်နဲ့ အလှူရှင်အစိုးရတွေရဲ့ အတားအဆီးမဲ့ အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုမှုတွေကို လျစ်လျူရှုထားပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေအောက်က မြန်မာနိုင်ငံရဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ ကောင်းကျိုးချမ်းသာတွေ ရရှိစေဖို့ ကုလသမဂ္ဂ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့ Human Rights Watch မှ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေအပေါ် နိုင်ငံတကာ တုံ့ပြန်မှုဟာ မလုံလောက်ဘူးလို့လည်း ဆိုပါတယ်။ 

ကုလသမဂ္ဂနဲ့ တခြားအကူအညီပေးရေးအေဂျင်စီတွေဟာ မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေကို တုံ့ပြန်ဖို့အတွက် သူတို့ တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၁၀၉ သန်းရဲ့ ၁၈ ရာခိုင်နှုန်းကိုသာ ရရှိခဲ့ပါတယ်။ 

အကျပ်အတည်းကြောင့် ၂၀၂၂ ခုနှစ်အတွက် ရန်ပုံငွေလိုအပ်ချက်ဟာ ဒေါ်လာ ၈၂၆ သန်းအထိ နှစ်ဆ တိုးလာပါတယ်။

ရန်ပုံငွေနဲ့ အကူအညီပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ စစ်တပ်ရဲ့ အဂတိလိုက်စားမှုမှတ်တမ်းနဲ့ အကျင့်ပျက် ခြစားမှုလမ်းကြောင်းကိုသုံးပြီး စစ်အုပ်ချုပ်ရေးအာဏာပိုင်တွေကနေတဆင့် သွားခြင်းထက် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့အပါအဝင် အလှူရှင်တွေဟာ ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကနေတဆင့် အကူအညီတွေ ပေးပို့နေချိန်မှာပဲ ရန်ပုံငွေကိုလည်း တိုးမြှင့်သင့်တယ်လို့ Human Rights Watch မှ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013