DVB Logo
Home
မြန်မာသတင်း
ကုလအေဂျင်စီများ၏လုပ်ရပ် မြန်မာစစ်တပ်ကို တရားဝင်အောင်လုပ်သလို ဖြစ်နေဟု အရပ်ဘက်အဖွဲ့များ ဝေဖန်
DVB
·
December 11, 2021
ကုလအေဂျင်စီများ၏လုပ်ရပ် မြန်မာစစ်တပ်ကို တရားဝင်အောင်လုပ်သလို ဖြစ်နေဟု အရပ်ဘက်အဖွဲ့များ ဝေဖန်
Donate to DVB

မြန်မာစစ်တပ်ကို တရားဝင်အောင်လုပ်သလိုဖြစ်နေတဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၅၀ ကျော်က အရေးပေါ်ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေဟာ MoU တွေ လက်မှတ်ရေးထိုးတာ၊ တခြားပုံစံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေကတဆင့် စစ်အုပ်စုကို တရားဝင်စေတာ၊ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကို ထောက်ကူအားပေးတဲ့နေရာကို ပံ့ပိုးပေးနေတယ်လို့ ဒီဇင်ဘာ ၁၀  ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

MoU တခု လက်မှတ်ထိုးတာကတဆင့် စစ်အုပ်စုနဲ့ မိတ်ဖွဲ့တာက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်နိုင်စွမ်းကို အထိခိုက်ခံပြီး အလျှော့အတင်း လုပ်နေတာဟာ စစ်အုပ်စုရဲ့ ကြီးမားကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတာတွေကို ဆက်လက်ကျူးလွန်စေဖို့ ပိုအတင့်ရဲစေပြီး သူတို့ရဲ့ သူရဲဘောကြောင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေး ရည်မှန်းချက်တွေ အထမြောက်စေရေးအတွက် ဩဇာအရှိန်အဝါတခု ပေးလိုက်သလို ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်ထားပါတယ်။ 

မကြာခင်က ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာစစ်အုပ်စုက တင်တဲ့ ကိုယ်စားလှယ်ကို လက်မခံခဲ့တဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါဟာ စစ်အုပ်စုက မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူး ဆိုတာ ကမ္ဘာ့အုပ်ချုပ်ရေးယန္တရားအဖွဲ့အစည်းတခုက အတည်ပြုလိုက်တာ ဖြစ်တယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ ကြားနေရေးမူနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားတွေကို ဆန့်ကျင်နေတဲ့အပြင် မြန်မာပြည်သူလူထုကို အကူအညီပေးရာမှာ လွဲမှားတဲ့ ချဉ်းကပ်မှုတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့က ချင်းနဲ့ ရိုဟင်ဂျာတွေ အပါအဝင် ပြည်သူတွေအတွက် အသက်ကယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးပို့ရာမှာ ကန့်သတ် ပိတ်ဆို့တားမြစ်တာတွေ ကြုံရတာကြောင့် MoU တွေရဲ့ ထိရောက်မှုအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေတဲ့ မူလဇာစ်မြစ် ဖြစ်နေတာကြောင့် သူတို့ဟာ ဒီအကျပ်အတည်းဖြေရှင်းဖို့ မိတ်ဖက် လုံးဝမဟုတ်ဘူးလို့လည်း အရပ်ဘက်အဖွဲ့တွေက ထောက်ပြထားပါတယ်။

ထိတ်လန့်အံ့ဩဖွယ်ကောင်းတာကတော့ နိုဝင်ဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ပူးတွဲစီစဉ်ကျင်းပတဲ့ အွန်လိုင်းအစည်းအဝေးတခုမှာ စစ်အုပ်စုကို တက်ရောက်စေခဲ့တာ ဖြစ်ပြီး တခြားသော ကုလသမဂ္ဂအေဂျင်စီတွေ ပြုလုပ်တဲ့ “ITU Digital World 2021"၊ UNWTO အဖွဲ့ရဲ့ The Future of World Tourism Summit-Ministerial Debate & UNEP a United Nations Biodiversity Conference တို့အပါအဝင် ထိပ်သီးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေနဲ့ ပွဲတွေမှာလည်း စစ်အုပ်စုကို ပါဝင်တက်ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။ 

ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ ကုလသမဂ္ဂအေဂျင်စီတွေ၊ ရန်ပုံငွေ ထောက်ပံ့တာတွေနဲ့ ပရိုဂရမ်တွေဟာ လူ့အခွင့်အရေးကို အဓိကမဏ္ဍိုင်တရပ်အဖြစ် ရပ်တည်ကိုင်စွဲရမယ်လို့ ဖော်ပြထားတာကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို လက်လှမ်းမီလုပ်ကိုင်နိုင်ရေးအတွက် လူ့အခွင့်အရေးတွေကို ချနင်းပြီး စစ်အုပ်စုအလိုကို ဖြည့်ဆည်းပေးတဲ့ မိစ္ဆာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုံးဝမရှိဖို့ လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။ 

စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်ခံထားရပြီး နိုင်ငံတကာ မြန်မာ့အရေးကျွမ်းကျင်သူတွေက သတ်မှတ်ထားတဲ အကြမ်းဖက်မှုလုပ်ရပ်တွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်တဲ့အချိန်ကာလက သူတို့ရဲ့ စနစ်တကျ ပျက်ကွက် ကျရှုံးတာကို သင်ခန်းစာယူရမှာ ဖြစ်သလို လူမျိုးတုံး သတ်ဖြတ်တာနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအပါအဝင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုသင့်တယ်လို့ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (IWFFMM) ရဲ့ အစီရင်ခံစာမှာ ချပြခဲ့တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်စေရေး၊ လျှော့ချရေး ဒါမှမဟုတ် အာရုံစိုက်မှုရလာစေရေးတို့ကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကို မမေ့လျော့သင့်ဘူးလို့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်ထောက်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013