DVB Logo
Home
မြန်မာသတင်း
Silent Strike သပိတ်တွင် ပါဝင်သည့် ဈေးဆိုင်များ ပြန်ဖွင့်ရန် စစ်ကောင်စီ အဓမ္မခြိမ်းခြောက်
DVB
·
December 10, 2021
Silent Strike သပိတ်တွင် ပါဝင်သည့် ဈေးဆိုင်များ  ပြန်ဖွင့်ရန် စစ်ကောင်စီ အဓမ္မခြိမ်းခြောက်
Donate to DVB

ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ငြိမ်သက်ခြင်းသပိတ် Silent Strike အဖြစ် မြန်မာနိုင်ငံတဝန်းမှာ ဈေးတွေ၊ ဆိုင်တွေပိတ်ပြီး ပြည်သူတွေက ပါဝင်ဆင်နွှဲနေကြရာမှာ  ပိတ်ထားတဲ့ဆိုင်တွေကို   စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက် ပြန်ဖွင့်ခိုင်းတာတွေရှိနေပါတယ်။ 

ရန်ကုန်မြို့က မင်္ဂလာဒုံစျေးက ဆိုင်ခန်းတွေကို ပြန်မဖွင့်ပါက ဆိုင်အသိမ်းခံရမယ်ဆိုပြီး တပ်စည်ပင်က ဖိအားပေးခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ မင်္ဂလာဒုံစျေးဟာ စစ်တပ်စည်ပင်ပိုင်စျေးဖြစ်ပေမယ့် ဒီနေ့မှာ ဆိုင်အများစုက ပိတ်ထားပြီး Silent Strike မှာ ပူးပေါင်းခဲ့ကြတာပါ။

စစ်တပ်က ဆိုင်တွေ ပိတ်ထားတာကို မလိုလားဘဲ ညနေ ၃ နာရီမှ ဆိုင်မဖွင့်ပါက ချိပ်ပိတ်သိမ်းမယ်ဆိုပြီး ဆိုင်ရှင်တွေကို အကြောင်းကြားပြီ ဖိအားပေးနေတယ်လို့ ဆိုင်ရှင်တချို့က ပြောပါတယ်။

"ပြန်ဖွင့်ခိုင်းနေတာဟုတ်တယ်။ သွားတဲ့သူတွေ သွားနေကြပြီ" လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဒီလိုဆိုင်တွေ ပြန်ဖွင့်ခိုင်းတဲ့အပေါ် ဆိုင်ရှင်တွေက လက်မခံချင်ပေမယ့် အကျိုးထိခိုက်မှုရှိနိုင်လို့ ဟန်ပြသဘောမျိုး အဖွင့်ပြခဲ့ကြရတယ်လို့ ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ စစ်တပ်မြေအများစု ရှိနေပေမယ့် ပြည်သူတွေကတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နေကြပါတယ်။

အလားတူ မင်္ဂလာဒုံမြို့နယ်က ဝါယာလက်ဈေးကိုလည်း  ပြန်ဖွင့်ခိုင်းနေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့အနေနဲ့  အပြင်မထွက် ငြိမ်သက်ခြင်းပိတ်ပြုလုပ်ခဲ့တဲ့ ဘားအံမြို့မဈေးကြီးနဲ့ အမှတ် ၁ ရေပေါ်ဈေးကြီးက ဈေးဆိုင်ခန်းပိုင်ရှင်တွေကို စည်ပင်သာယာဝန်ထမ်းတွေက ဖိအားပေးခြိမ်းခြောက် ဖွင့်လှစ်ခိုင်းနေတယ်လို့ ဈေးသူဈေးသားတွေဆီက သိရပါတယ်။

ဘားအံမြို့မဈေးကြီးနဲ့ အမှတ် ၁ ရေပေါ်ဈေးကြီးက ဈေးဆိုင်ခန်းပိုင်ရှင်တွေဟာ အပြင်မထွက် ငြိမ်သက်ခြင်းသပိတ်မှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ အရေးအဝယ်တွေ ရပ်နားပြီး ဈေးဆိုင်ခန်းတွေပိတ်ထားတဲ့အတွက် စည်ပင်သာယာတာဝန်ရှိသူတွေနဲ့ အရပ်ဝတ်လူတစ်ချို့က ပိတ်သိမ်းထားတဲ့ ဆိုင်ခန်းတွေကို ဖုန်းဆက်ပြီး ဖိအားပေး ပြန်လည်ဖွင့်လှစ်ခိုင်းတာပါ။

မြို့မဈေးကြီးအတွင်း အထည်ဆိုင်ဖွင့်လှစ် ရောင်းချသူတစ်ဦးက “ပိတ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို အတင်းပြန်ဖွင့်ခိုင်းတယ်။ ဒီနေ့မဖွင့်ရင် နောက်ရက် လုံးဝလာမဖွင့်ရဘူး။ အပြီးပိတ်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုသွားတယ်။ တချို့ဆိုင်တွေက ဆိုင်လေးနဲ့ လုပ်စားနေရတော့ ကြောက်ပြီး ပြန်ဖွင့်တာတွေရှိပေမယ့် ဆိုင်ခန်းတော်တော်များများက ပိတ်ထားတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာလည်း ဈေးအတွင်းကို ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်က သေနတ်တွေနဲ့လာရောက်ကာ ဈေးဆိုင်တွေ မပိတ်ဖို့ ခြိမ်းခြောက်ပြီး ဆန်ဝေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“မနက်ဈေး ဖွင့်ဖွင့်ခြင်း စစ်သားတွေကသေနတ်တွေနဲ့ရောက်လာပြီး၊ ဈေးမပိတ်ဖို့ပြောတယ်။ ဈေးအနောက်ဘက်ဆန်ဆိုင်က ဆန် ၁၀ အိတ်ယူပြီး ဈေးဝယ်တချို့ကို ဆန်တပြည်ဆီ ဝေပေးတယ်။ ဆန်ဆိုင်ကို ပိုက်ဆံမပေးဘူးလို့လည်း ကြားတယ်။ ကျနော်တို့လည်း ဈေးဝယ်မလာဘဲ ဒီအတိုင်းထိုင်နေကြရတယ်” လို့ မနက်ခင်းဖွင့်တဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းသက်ခြင်းသပိတ် Silent Strike ပြုလုပ်နေချိန် ဝက်လက်မြို့ပေါ်မှာ နယ်က ဈေးဝယ်သွားလာတာ လုံးဝမရှိပေမယ့် မြို့ပေါ်က ပြည်သူတွေကတော့ ပုံမှန်လှုပ်ရှား သွားလာနေကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းက လှတော၊ ရွာသာကြီး စတဲ့ လမ်းဆုံ လမ်းခွ ကျေးရွာကြီးတွေကတော့ ဈေးပိတ်၊ အပြင်မထွက်၊ စပါးရိတ်မသွား၊ အလုပ်မသွားဘဲ ငြိမ်သက်ခြင်းသပိတ် Silent Strike မှာ ပါဝင်နေကြတယ်လို့ သိရပါတယ်။

အလားတူ ရှမ်းပြည်နယ် မူဆယ်မြို့ရှိ မူဆယ်ဈေးမှာလည်း ဈေးဆိုင်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီစည်ပင်က အသံချဲ့စက်နဲ့ လိုက်အော်ခြိမ်းခြောက်ခဲ့ပြီးနောက်  စည်ပင်ရုံးမှာ  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ 

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့အနေနဲ့  အပြင်မထွက် ငြိမ်သက်ခြင်းသပိတ် Silent Strike ကို  ဒီဇင်ဘာ ၁၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013