DVB Logo
Home
Lead Story
ပြည်သူ့ခုံရုံးတင်ခံရတော့မည့် ကမ္ဘာ့ပထမဆုံးစစ်တပ်
DVB
·
December 10, 2021
ပြည်သူ့ခုံရုံးတင်ခံရတော့မည့် ကမ္ဘာ့ပထမဆုံးစစ်တပ်
Donate to DVB

ဒီရက်ပိုင်းအတွင်းမှာ မြန်မာပြည်သူ‌တွေအတွက် စိတ်နှလုံးကွဲကြေညှိုးချုံးစရာသတင်းဆိုးတွေ ဆက်တိုက်ကြားသိခဲ့ကြရပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေး  ၅  ဦးပါဝင်တဲ့ ရွာသား ၁၁ ဦးကို ဒီဇင်ဘာ ၇  ရက်နေ့မှာ  ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းနဲ့ ဒီဇင်ဘာလ ၅ ရက် မနက်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်လက်ပါးစေစစ်တပ်က ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းသတ်ဖြတ်ခဲ့တဲ့ သတင်းတွေဘဲဖြစ်ပါတယ်။

ဒီနှစ် ဖေ‌ဖေါ်ဝါရီ ၁ ရက်က စရေတွက်ရင် ပြည်သူလူထုကို လက်နက်နဲ့အကြမ်းဖက်သတ်ဖြတ် အာဏာလုယူခဲ့တဲ့စစ်မိစ္ဆာကောင်စီလက်ပါးစေတပ်ဟာယုတ်ညံ့နိမ့်ကျစွာ မြန်မာနိုင်ငံသားတွေအပေါ် အောက်ပါကြောက်မက်ဖွယ်ရာဇဝတ်မှုကြီးတွေကို  အကြိမ်ရေအားဖြင့် မရေတွက်နိုင်အောင် ရက်စက်ကြမ်းကြုတ်စွာ  အထပ်ထပ်ကျုးလွန်နေခဲ့တာ  ၁၀  လ တောင်ကျော်ခဲ့ပါပြီ။

၁) လူမျိုးတုန်းသတ်ဖြတ်မှု (Genocide)

၂) လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity)

၃) စစ်ရာဇဝတ်မှု (War Crime) 

တကယ်တော့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခု အာဏာလုယူပွဲမှ မဟုတ်ပါဘူး၊ ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲ၊ ၁၉၈၈ အာဏာသိမ်းပွဲတွေမှာလည်း ပြည်သူလူထုကို အထက်ပါရာဇဝတ်မှုမျိုး‌တွေ သွေးချောင်းစီးသတ်ဖြတ်ခဲ့ပေမဲ့ ကျုးလွန်တဲ့အပြစ်တွေကနေ အခုချိန်ကင်းလွတ်ခွင့်ရနေတာမို့ ဆက်လက်ပြီး ကျုးလွန်‌နေကြပါသေးတယ်။

၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်‌လေးလုံးလူထုအ‌ရေးတော်ပုံကြီးမှာ လက်နက်မဲ့ပြည်သူ သောင်းချီကို သတ်ဖြတ်ခဲ့တဲ့ နဝတ အမည်ခံအာဏာသိမ်းစစ်တပ်ဟာ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေကို ဖုံးကွယ်ဖို့ ပါတီစုံစနစ်ပေးမယ်လို့ ကတိပြုခဲ့တာကြောင့် ရွေးကောက်ပွဲကျင်းပခဲ့ရာမှာ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ ပြည်သူလူထု ထောက်ခံတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ကို အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

အဲ့ဒီတုန်းက  NLD ဒုဥက္ကဋ္ဌ ကာနယ်ကြည်မောင်(ခေါ်) ဦးကြည်မောင်ကို Asia Week မဂ္ဂဇင်းသတင်း‌ထောက် ဒေါမနစ်ဖူလ်ဒါကနေ အင်တာဗျူးတွေ့ဆုံမေးမြန်းခန်းပြုလုပ်ရာမှာ အောက်ပါအတိုင်းမေမြန်းးခဲ့ပါတယ်။

💢 ဒေါမနစ်ဖူလ်ဒါ – အာဏာသိမ်း စစ်အစိုးရအနေနဲ့ ပြည်သူလူထုက ပြန်ကလဲ့စားချေမှာကို စိုးရိမ်နေတယ်လို့ ထင်ပါသလား။

💢 ဦးကြည်မောင် – ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းရမယ့် တခြားပြဿနာတွေ အများကြီး ရှိသေးတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ တကယ်တမ်းကျတော့ နုရင်ဘတ်က စစ်ရာဇဝတ်မှုဆိုင်ရာ တရားခွင်တွေမှာ ဂျာမန် ဘယ်နှစ်ယောက် တရားရင်ဆိုင်ခဲ့ရလို့လဲ။

💢ဒေါမနစ်ဖူလ်ဒါ – ဒါဆို ရန်ကုန်မှာလည်း နုရင်ဘတ်တစ်ခု ရှိလာလိမ့်ဦးမယ်လို့ ခင်ဗျား ပြောချင်တာလား။

💢 ဦးကြည်မောင် – ဟင့်အင်း။ လုံး၀ မဟုတ်ပါဘူး။ ရိုးရိုး သာမန် ဗမာလူမျိုးတွေ အနေနဲ့ကတော့ အောက်ခြေအဆင့် တပ်သားတွေကိုတောင် ရန်ရှာဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါက အင်မတန် ချဲ့ကားထားတဲ့ ပြဿနာပါ။ ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ညွန့်လို လူမျိုးတွေကျတော့ သူတို့ကိုယ်သူတို့ နောက်ကျော မလုံဘူးလို့ ခံစားမိမှာပေါ့။ 

အဲ့ဒီအင်တာဗျူးပြီးတဲ့နောက်တော့ ခေတ်အဆက်ဆက် စစ်ရာဇဝတ်မှုတွေ အထပ်ထပ်ကျုးလွန်ခဲ့ကြပြီး‌ သွေးစွန်း‌နေတဲ့ စစ်အာဏာရှင်အသိုင်းအဝိုင်းဟာ ကိုယ့်အပြစ်ကိုယ်မလုံ တာမို့ ပြည်သူကအနိုင်ပေးခဲ့တဲ့ NLD ပါတီကို နင်မဟုတ်ရင် နင့်အဖေပဲလို့ဆိုပြီး အပြစ်ရှာစွပ်စွဲတဲ့ ဝံပုလွေနဲ့ သိုးငယ်လေးပုံပြင်လို အပြစ်မရှိအပြစ်ရှာပြီး ဖမ်းဆီးထောင်ချ ညှဉ်းဆဲသတ်ဖြတ်ခဲ့ကြ ပြန်ပါတယ်။

၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အခါ နာဇီဂျာမဏီ၊ အီတလီနဲ့ ဖက်ဆစ်ဂျပန်ဘက်က စစ်ရှုံးပြီး အမေရိကန်၊ အင်္ဂလန်စတဲ့ မဟာမိတ်နိုင်ငံတွေ စစ်နိုင်ခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးပြီးတဲ့အခါ စစ်အတွင်းက နာဇီဂျာမဏီစစ်ခေါင်းဆောင်တွေရဲ လူမဆန်တဲ့အစုလိုက်အပြုံလိုက် လူမျိုးဖြုတ်သတ်ဖြတ်မှုတွေရဲ့ စစ်ရာဇဝတ်မှုများစွာအတွက် တရားခံနာဇီခေါင်းဆောင်‌တွေကို စစ်ခုံရုံးတင် စစ်ဆေးအပြစ်ပေးခဲ့ပါတယ်။ အဲ့ဒီလိုစစ်‌ဆေးပြီး စစ်ခုံရုံးတင်ခြင်းကို ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့မှာ ပြုလုပ်ခဲ့တာကြောင့် နုရင်ဘတ် စစ်ခုံရုံး လို့ ကမ္ဘာကျော်ခဲ့ပါတယ်။

လှည်းဘီးသည် လှည်းကိုရုန်းသော နွား၏ ခြေရာနောက်သို့သာလျှင် အစဉ်လိုက်သကဲ့သို့ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် စစ်ရာဇဝတ်မှုမြောက်မြားစွာ  ကျုးလွန်လျှက် မကောင်းမှုပြုနေကြတဲ့ မြန်မာဖက်ဆစ် စစ်တပ်ရဲ့ အကုသိုလ်ကံတွေဟာ အကျိုးပေးချိန် မကြာခင်ရောက်လို့ ပြည်သူ့ခုံရုံးမှာ စစ်တပ်တတပ်လုံး သူတို့ကျုးလွန်ကြတဲ့အပြစ်တွေအတွက် ရင်ဆိုင်ပေးဆပ်ကြရမှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ မြန်မာပြည်သူလူထုဟာ ခေတ်အဆက်ဆက်မှာ သူတို့ကိုလက်နက်အားကိုးနဲ့ သတ်ဖြတ်အနိုင်ကျင့်ပြီး ရက်စက်ခဲ့ကြတဲ့ စစ်အာဏာရှင်နဲ့လက်ပါးစေနောက်လိုက်တွေ၊ အားပေးအား‌မြှောက်ပြုသူတွေ၊ အလုပ်လုပ်ပေးသူတွေကို သူတို့ကျုးလွန်တဲ့စစ်ရာဇဝတ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လူသားမျိုးနွယ်အပေါ်ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြည်သူ့ခုံရုံးမှာတင်ပြီး ထိုက်တန်တဲ့ အပြစ်ပေးကြဖို့ စိတ်ပိုင်းဖြတ်ထားကြပြီ ဖြစ်ပါတယ်။

ဦးခေါင်းကိုချိန် တည့်တည့်ပစ်၊ မနက်ဖမ်း ညနေအလောင်းလာထုတ်၊ လက်နက်မဲ့ ကလေးတွေကို ကားနဲ့တိုက်သတ်ပြီး သေနတ်နဲ့ပစ်ဖမ်း၊ ပြည်သူကိုကြိုးနဲ့တုပ်ပြီး အရှင်လတ်လတ်မီးရှို့သတ် စတဲ့ လူမဆန်တဲ့ရိုင်းစိုင်းမှုတရားခံဟာ စစ်အာဏာရှင်နစ်ပါ။ အောက်ပါရာဇသတ်ကြီးပုဒ်မ‌တွေနဲ့တင် မလုံလောက်နိုင်ပါဘူး။

♦️နိုင်ငံတော်သစ္စာဖေါက်ဖျက်ပုန်ကန်မှုကြီး ရာဇသတ်ကြီးပုဒ်မ ၁၂၂

♦️နိုင်ငံတော်သစ္စာဖေါက်ဖျက်ပုန်ကန်မှုကျုးလွန်သူကို အားပေးခြင်း လက်သင့်ခံခြင်း နှစ်သိမ့်ခြင်း ရာဇသတ်ကြီးပုဒ်မ ၁၂၃ 

♦️နိုင်ငံတော်သစ္စာဖေါက်ဖျက်ပုန်ကန်မှုကျုးလွန်မှုနှင့်စပ်လျဉ်း၍ ထိမ်ချန်ခြင်း ရာဇသတ်ကြီးပုဒ်မ ၁၂၄ 

♦️ နိုင်ငံတော်အကြည်အညိုပျက်စေခြင်း ရာဇသတ်ကြီးပုဒ်မ ၁၂၄ က

♦️ပြည်ထောင်စုနိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းလျှက်ရှိသောနိုင်ငံနယ်ပယ်အားတိုက်ခိုက်ဖျက်ဆီးခြင်း ရာဇသတ်ကြီးပုဒ်မ ၁၂၆

♦️စစ်မက်ပြိုင်ဆိုင်ရာတွင်သော်၎င်း၊ တိုက်ခိုက်ဖျက်ဆီးရာတွင်သော်၎င်း ရသောပစ္စည်းများအား လက်ခံခြင်း ရာဇသတ်ကြီးပုဒ်မ ၁၂၇

♦️ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) က၊ခ၊ဂ 

♦️ လူသတ်ဓားပြမှု  ရာဇသတ်ကြီးပုဒ်မ ၃၁၀

♦️ ကိုယ်ဝန်ပျက်စေခြင်း ရာဇသတ်ကြီးပုဒ်မ ၃၁၂

♦️ ကိုယ်ဝန်ပျက်စေရန် အကြံနှင့်ပြုသော ပြုလုပ်မှုဖြင့် သေစေခြင်း ရာဇသတ်ကြီးပုဒ်မ ၃၁၄

♦️အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၂

♦️မတရားတားဆီးကန့်ကွက်မှု့ ရာဇသတ်ကြီးပုဒ်မ ၃၃၉

♦️မတရားချုပ်နှောင်ထားမှု ရာဇသတ်ကြီးပုဒ်မ ၃၄၀

♦️လျှို့ဝှက်စွာ မတရားချုပ်နှောင်ထားမှု ရာဇသတ်ကြီးပုဒ်မ ၃၄၆

♦️ ရာဇဝတ်မှုမကင်းသော အနိုင်အထက်ပြုမှု ရာဇသတ်ကြီးပုဒ်မ ၃၅၀

♦️လက်ရောက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၁

♦️ မိန်းမ၏ ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု ကျူးလွန်ခြင်း၊ သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုခြင်း ရာဇသတ်ကြီးပုဒ်မ ၃၅၄

♦️ တစ်ဦးတစ်ယောက်သောသူကို ကျွန်အဖြစ် ဝယ်ယူမှု သို့မဟုတ် စီမံခန့်ခွဲမှု ရာဇသတ်ကြီးပုဒ်မ ၃၇၀

♦️ ဥပဒေနှင့် ဆန့်ကျင်သော အတင်းအဓမ္မခိုင်းစေမှု ရာဇသတ်ကြီးပုဒ်မ ၃၇၄

♦️ မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၅ 

♦️ ဓမ္မတာနှင့်ဆန့်ကျင်သောပြစ်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၇

♦️ခိုးမှု ရာဇသတ်ကြီးပုဒ်မ ၃၇၈

♦️လုယက်မှု ရာဇသတ်ကြီးပုဒ်မ ၃၉၀

♦️ ဓားပြမှု  ရာဇသတ်ကြီးပုဒ်မ ၃၉၁

♦️လူသတ်မှုပါသော ဓားပြမှု  ရာဇသတ်ကြီးပုဒ်မ ၃၉၆

♦️မိန်းမတို့ကာယိန္ဒြေကို စော်ကားရန် ရည်ရွယ်သောစကား၊ သို့မဟုတ် ကိုယ်အမူအရာ၊ သို့မဟုတ် ပြုလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၉ စတာတွေအပြင် နောက်ထပ် ဥပ‌ဒေ စီရင်ထုံးအသစ်တွေတောင် ပြဋ္ဌာန်းဖို့လိုရင်  ပြဋ္ဌာန်းစီရင်ကျရမှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်းပြပြီး အတိတ်ကိုအတိတ်မှာထားခဲ့လို့ဆိုတဲ့ အယူအဆဟာ လူ့အခွင့်အရေးချိုး‌ဖေါက်သူတွေ အကြမ်းဖက်မှု‌တွေကို ထပ်တလဲလဲ ကျူးလွန်ခဲ့တဲ့ လက်သည်တရားခံတွေကို သူတို့ကျုးလွန်ခဲ့ကြတဲ့ ပြစ်ဒဏ်တွေကနေ ကင်းလွတ်ခွင့်ရ‌စေပြီး အဲ့ဒီလို လူမဆန်တဲ့အဖွဲ့အစည်းတွေ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေကို ပိုမိုအတင့်ရဲလာစေမှာဖြစ်ပါတယ်။

စစ်ရာဇဝတ်‌ကောင်တွေကို ပြည်သူ့ခုံရုံးတင်အပြစ်ပေးတယ်ဆိုတာ လက်စားချေတာမဟုတ်ပါဘူး။ ကျုးလွန်သူတွေရဲ့အပြစ်အတိုင်းတရားဥပဒေအတိုင်းထိုက်တန်တဲ့အပြစ်ဒဏ်ချမှတ်ခြင်းဖြစ်တာမို့ ဥပ‌ဒေအထက်မည်သူမျှမရှိစေရဆိုတာကို ခိုင်မာစေမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် တရားမျှတမှုကို‌ဖေါ်ဆောင်ကြမယ့် မြန်မာ့လူ့အသိုင်းအဝိုင်းက အဓမ္မဝါဒီ အာဏာရူးစစ်ဗိုလ်ချုပ်‌တွေနဲ့ လက်ပါးစေ‌နောက်လိုက်တွေကို လုံးလုံးလက်မခံတော့တာ သေခြာပြီမို့ ပြည်သူလူထုရဲ့စုပေါင်းအားနဲ့ နှိမ်နင်းပြီးတာနဲ့ကမ်းကုန်အောင် မိုက်ရိုင်းရမ်းကားခဲ့ကြတဲ့ စစ်ရာဇဝတ်မှုကျုးလွန်ဖို့ ညွှန်ကြားသူတွေ၊ ကျုးလွန်ခဲ့ကြသူတွေ၊ အားပေးထောက်ခံပံပိုးခဲ့ကြသူတွေကို ထိုက်တန်တဲ့အပြစ်‌ပေးရေး ဆုတ်မနစ်ကြိုးပမ်းကြတော့မှာ ဖြစ်ပါတယ်။

ဒါ‌ကြောင့် မကြာတော့မယ့် ကာလတခုမှာ  မြန်မာဖက်ဆစ်စစ်တပ်ဟာ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ ပြည်သူ့ခုံရုံးတင် အပြစ်ပေးစီရင်ခံရမယ့် ပထမဆုံး လက်နက်ကိုင်စစ်တပ် တတပ်အဖြစ် ကျက်သရေယုတ်စွာ ကမ္ပည်းဆိုး ထိုးခံရရင်း နောက်မျိုးဆက်သစ်တွေ သင်ခန်းစာယူကြရမှာ ဧကန်မုချဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013