DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့မဈေးတွင် TNLA အမည်ခံပြီး အခွန်လိုက်ကောက်နေသဖြင့် ဈေးသည်များ အခက်အခဲကြုံ
DVB
·
December 9, 2021
နမ့်ခမ်းမြို့မဈေးတွင် TNLA အမည်ခံပြီး အခွန်လိုက်ကောက်နေသဖြင့် ဈေးသည်များ အခက်အခဲကြုံ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ မြို့မဈေးကြီးထဲက ဈေးဆိုင်နဲ့ အိမ်ဆိုင်တွေမှာ ကိုဗစ်-၁၉ ကာလ ဈေးရောင်းပါးချိန်  TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး လူတချို့က အခွန်ငွေတွေ လိုက်ကောက်နေတဲ့အတွက် အခက်အခဲဖြစ်နေရတယ်လို့  ဈေးသည်တွေက ပြောပါတယ်။ 

နမ့်ခမ်းဈေးထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတွေဝင်ရောက်လာပြီး သူတို့ ကိုယ်သူတို့ TNLA တအာင်းတပ်ဖွဲ့ဝင်လို့ဆိုကာ အခွန်ငွေတွေလာကောက်ခံနေတယ်လို့ အမည်မဖော်လိုတဲ့ ဈေးသည်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ ဆိုင်ဖွင့်တာဈေးဦးတောင် မပေါက်သေးဘူး။ အခွန်လာကောက်တယ်၊ ၂ သိန်း တောင်းတယ်။ နမ့်ခမ်းမှာ ကိုဗစ်ဖြစ်လို့ လော့ဒေါင်းလုပ်ပြီး ဈေးပိတ်ထားတာ၊ ပြန်ဖွင့်တာ လပိုင်း ဘဲရှိသေးတယ်၊ ဒါတောင် တနေကုန်မရောင်းရဘူး ၊ ၁၂ နာရီထိပဲ ပေးရောင်းတယ်၊  ဈေးမရောင်း ရလို့ အကြွေးတင်နေတာတဘက် အခွန်ကိုသိန်းနဲ့ချီကောက်တော့ တအားစိတ်ညစ်ရတာပေါ့ ၊ မပေး ရင်လည်းလူလာဖမ်းမှာကြောက်ရသေးတယ်၊ ချက်ချင်းမပေးနိုင်ရင် သူတို့ချိန်းထားတဲ့ နေရာမှာ သွားပေးရတယ်။ ဖုန်းနံပါတ် လိပ်စာကတ်ပေးသွားတယ် ”

ဒီကိစ္စနဲ့ပတ်သက်ပြီး  TNLA ထံ အခွန်ပေးဆောင်ရမယ့် ဖုံးနံပါတ်နဲ့ TNLA ပြောရေး ဆိုခွင့်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ ဖုံးကိုင်ဖြေကြားပေးမယ့်သူ မရှိပါဘူး။

ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးရှိတဲ့  နမ့်ခမ်း နှစ်ထပ်ဈေးကြီးထဲမှာ အခုလိုအခွန်လိုက်ကောက်တာမှာ ဆိုင်အကြီးအသေးနဲ့ ရောင်းကုန်ပစ္စည်းအမျိုးအစားပေါ်မူ တည်ပြီး အနည်းဆုံး ကျပ်  ၁ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်းလောက် ကောက်ခံတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက တနှစ်မှ တခါသာ အခွန်ကောက်ခံပြီး ဒီနှစ်ထဲမှာတော့ မကြာခဏ အခွန်လာကောက်နေကာ  ဖြတ်ပိုင်းလည်းရတဲ့အခါရှိသလို  မရတဲ့အခါလည်းရှိတယ်လို့  ဈေးသည်တွေက ဆိုပါတယ်။ 

တခြားဈေးသည် ၁ ဦးကလည်း အရင်ကတည်းက လက်နက်ကိုင်အဖွဲ့တွေကို ဆက်ကြေး ပေးခဲ့ရကြောင်း၊ နမ့်ခမ်းမှာ KIA ကချင်တပ်၊  TNLA ပလောင်တပ်၊ SSPP ရှမ်းတပ် နဲ့ RCSS  ရှမ်းတပ်တွေလှုပ်ရှားပြီး အဖွဲ့တိုင်းလို ဆက်ကြေးကောက်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

“အမှန်တော့ ကချင်တပ်ဆိုရင် ကချင်လူမျိုး၊ ရှမ်းတပ်ဆို ရှမ်းလူမျိုး၊ ပလောင်တပ်ဆို ပလောင်လူမျိုးတွေမှာဘဲ ကိုယ်စီကောက်ခံသင့်ပါတယ်။  သူတို့ချင်းလည်း အဲဒီလိုကောက်ဖို့ ညှိထားတယ်လို့သတင်းကြားပေမယ့် ဒီနှစ်ထဲမှာ TNLA တဖွဲ့တည်းသာ လာကောက်ပြီး လူမျိုးဘာသာမရွေးကောက်ခံတယ်။”

အခုချိန်မှာ တရုတ်နယ်စပ်လည်ပိတ်၊ အရောင်းအဝယ်မကောင်းလို့ စီးပွားရေးကျပ်တည်းနေချိန် လက်နက်ကိုင်အဖွဲ့ပေါင်းစုံက မတန်တဆအခွန်လာကောက်နေလို့ ပလောင်တိုင်းရင်းသား ဈေးသည်တွေလည်း  ညည်းတွားနေတယ်လို့ ပြောပါတယ်။ 

အလားတူ မူဆယ်ခရိုင် စီးပွါးရေးလုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ရွှေဆိုင်တွေမှာလည်း TNLA ကို ရံပုံငွေ မပျက်မကွက်ပေးသွင်းဖို့ သတိပေးအကြောင်းကြားစာတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013