DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများ စစ်သင်တန်း ၁ လ မဖြစ်မနေ တက်ရမည်
DVB
·
December 8, 2021
ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများ စစ်သင်တန်း ၁ လ မဖြစ်မနေ တက်ရမည်
Donate to DVB

ရဲတပ်ဖွဲ့ဝင်အင်အားမလုံလောက်တဲ့အတွက်  ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကိုပါ သေနတ် အဖြုတ် အတပ်၊ အပစ်အခတ် စစ်သင်တန်း ၁ လ မဖြစ်မနေ တက်ရမယ်ဆိုပြီး စစ်ကောင်စီက သင်တန်းပေးနေပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို မိမိနေထိုင်ရာ တပ်စခန်းကို ကာကွယ်နိုင်ဖို့ စစ်သင်တန်း ၁ လ မဖြစ်မနေ တက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ တနိုင်ငံလုံးက ရဲစခန်းတွေမှာ သင်တန်းပေးနေတာလို့ ရဲအသိုက်အဝန်းကနေ စုံစမ်းသိရပါတယ်။

လက်နက်ငယ် အဖြုတ်အတပ် အပစ်ခတ် သင်တန်းကို အရင်တုန်းက လုံခြုံရေးရဲတပ်ရင်းတွေမှာ နေထိုင်တဲ့ အိမ်ထောင်သည်တွေကိုသာ စစ်သင်တန်းပေးလေ့ရှိပြီး စစ်တပ်အာဏာသိမ်းပြီးမှ ရဲစခန်းတွေမှာရှိတဲ့ အိမ်ထောင်သည်တွေကိုပါ သင်တန်းစတင်ပေးလာတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်မှုတွေများပြားလာသလို တော်လှန်ရေး တပ်ဖွဲ့တွေကို ဖမ်းဆီးဖို့ ရဲအင်အားမလောက်တာကြောင့် စခန်းမှာလုံခြုံရေး အတွက် လိုအပ်ရင်ကာကွယ် နိုင်အောင်ဆိုပြီး စစ်သင်တန်း ၁ လပေးနေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို‌ ပြောပါတယ်။

“ အခုမှ ဘာစိတ်ကူးပေါက်လဲမသိဘူး။ ဘာစိတ်ကူးနဲ့ပေးတာလဲမသိဘူး။ တပ်ရင်းမှာလည်း နဂိုကတည်းက ပေးတယ်လေ။ အခုက စီမံတက်တဲ့ နှစ်ပတ်လည်လား ဘာလား မသိပါဘူး။ တလ စက်ပစ်ကွင်း ပုံစံသွားရမလားမသွားရမလားမသိပါဘူး။  ”

ရဲစခန်းတွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို ခုလို စစ်သင်တန်းပေးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး  စက်ပစ်ကွင်းသွားပြီး သေနတ်ပစ်ခတ်တာပါ မပါကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခြေခံလက်နက်ငယ် အဖြုတ်အတပ် အပစ်အခတ် စစ်သင်တန်းကို စခန်းမှာရှိတဲ့ အိမ်ထောင်သည် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီတွေ မဖြစ်မနေတက်ရမှာဖြစ်ပြီး သင်တန်းကိုတော့ ကင်မရာနဲ့ ဖုန်းတွေယူမလာဖို့ တားမြစ်ထားတာရှိတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို  စစ်သင်တန်းပေးတာဟာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်ပြီး ဒီလိုလုပ်တဲ့ လုပ်ရပ်ဟာ ကျွန်ဝယ်ရာ အဆစ်ပါဆိုတဲ့ မြန်မာစကားပုံအတိုင်း ဖြစ်နေတယ်လို့ CDM ရဲတပ်ဖွဲ့ဝင်တွေက ဝေဖန်ပါတယ်။

“ကိုယ်တွေ စစ်ရေးကျတော့ ပုံမှန်တိတိကျကျကြီးသင်ရတာတောင်မှပဲ လချီပြီး မနည်း အထူးတက်ရောက်ရတယ်။ ပြောရရင်တော့ သူတို့အပိုင်းက သေနတ်ပစ်ဖို့လောက်ပဲ ခေါင်းထဲရှိတယ်။  အဓိက အဲဒါနဲ့ထားပြီးတော့ပေါ့။  တကယ့်စစ်ပညာဆိုရင်တော့လည်း မရဘူးလေ။ ဒါတွေက ဘယ်လိုလုပ်ဖြစ်သင့်မလဲ။ မဖြစ်သင့်တဲ့အရာပေါ့။ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတွေလည်း ရှိတယ်။ အဲကြားထဲကမှာ ဒီရဲတွေရဲ့ အမျိုးသမီးတွေကိုပါ ခေါ်တယ်ဆိုတော့ မဖြစ်သင့်တဲ့အရာပေါ့။ ”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ဩဇာခံ ရဲစခန်းတွေ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာတွေရှိလာလို့ ခုလို သင်တန်း ပေးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြတာလည်း  ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့နယ်တိုင်းမှာ ရဲစခန်း ၃ ခုကနေ ၅ ခုကြားရှိပြီး မြို့နယ်တိုင်းမှာ မြို့မရဲစခန်း အင်အား ၇၀ ဝန်းကျင်နဲ့ ကျန်တဲ့ နယ်မြေရဲစခန်းအဆင့်တွေမှာ အင်အား ၅၀ အောက်သာရှိကြတာပါ။

ဒါကြောင့်ရဲတွေရဲ့ ဇနီးသည်တွေကို သေနတ်ပစ်သင်ပေးပြီး စခန်းမှာလုံခြုံရေးချထားဖို့ စီစဉ်တာဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဝန်ထမ်းတဦးက မှတ်ချက်ပေး ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013