
လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မိုက်ကယ်အက်ဒ်ဝပ်စ်ဟာ ရာထူးကနေ နုတ်ထွက် သွားပါတယ်။
အက်ဒ်ဝပ်စ်ဟာ စာချုပ်သက်တမ်း မကုန်ဆုံးခင် တနှစ်အလိုမှာ နုတ်ထွက်ခဲ့တာပါ။ သူ့နေရာမှာ တော့ FSG ဥက္ကဋ္ဌ မိုက်ဂေါ်ဒွန်က ဘောလုံးလုပ်ငန်းတွေကို ပြန်လည်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
အက်ဒ်ဝပ်စ်ဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း တကြိမ်နုတ်ထွက်ခဲ့ဖူးပြီး ၂ နှစ်အကြာမှာ FSG ရဲ့ ဘောလုံးလုပ်ငန်း အမှုဆောင်အရာရှိချုပ်အဖြစ် ပြန်လာခဲ့တာပါ။
အက်ဒ်ဝပ်စ်ဟာ လီဗာပူးမှာ ခြေစွမ်းပြခဲ့တဲ့ မိုဟာမက်ဆာလာ၊ ဆာဒီယိုမာနေးတို့လို ကစားသမားကောင်းတွေကို ခေါ်ယူရာမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
အက်ဒ်ဝပ်စ်ဟာ FSG ရဲ့ ကလပ်အများအပြားပိုင်ဆိုင်တဲ့ မော်ဒယ်လ်ကို ချဲ့ထွင်ဖို့ စိတ်အား ထက်သန်ခဲ့တာပါ။
ဒါပေမဲ့ ၂ နှစ်ကြာတဲ့အထိ တိုးတက်မှုမရှိတာကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ သိရပါတယ်။ FSG ကလည်း ကလပ်အသစ်ဝယ်ယူဖို့ ကုန်ကျစရိတ်နဲ့ UEFA ရဲ့ စည်းမျဉ်းတွေကြောင့် စိုးရိမ်မှုတွေ ရှိခဲ့တာပါ။
အက်ဒ်ဝပ်စ်ကတော့ လီဗာပူးအသင်းဟာ ခိုင်မာတဲ့ အနေအထားမှာ ရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ အသင်းမှာ ထူးချွန်တဲ့လူတွေ၊ ရှင်းလင်းတဲ့ ဦးတည်ချက်တွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
Photo: This is Anfield.com










