DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့ကို စစ်ကောင်စီက ရိက္ခာလမ်းကြောင်းဖြတ်တောက်သဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
December 3, 2021
မင်းတပ်မြို့ကို စစ်ကောင်စီက ရိက္ခာလမ်းကြောင်းဖြတ်တောက်သဖြင့် ပြည်သူများ အခက်ကြုံ
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့ဆီ မကွေးတိုင်း၊ ပခုက္ကူနဲ့ ပေါက်ဘက်က တင်သွင်းတဲ့ရိက္ခာနဲ့ ဆေးဝါးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်တွေက  တားဆီးကန့်သတ်ဖမ်းဆီးနေတာကြောင့် ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းကြောင်းတလျှောက်က ဒေသခံတွေနဲ့  စစ်ဘေးသင့်ပြည်သူတွေဟ ပိုက်ဆံရှိရင်တောင် ဝယ်စားလို့မရတဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလကုန်ပိုင်းက မင်းတပ်-မတူပီလမ်းတလျှောက်  တိုက်ပွဲတွေပြန်ငြိမ်သက်သွားပေမဲ့ စစ်ကောင်စီက ရိက္ခာဖြတ်တဲ့နည်းလမ်းကို ကျင့်သုံးလာတာဖြစ်ပါတယ်။ 

မင်းတပ် CDF တစ်ဦးက  "စကစက ကျနော်တို့ကို  အောက်ဘက်ကနေရိက္ခာတွေဖြတ်ဖို့ ကြိုးစားတာပေါ့။ပခုက္ကူ၊ ပေါက်ဘက်ကနေ။ ကျနော်တို့ရော ပြည်သူတွေပါထိခိုက်နစ်နာအောင်ပေါ့။ ရိက္ခာတွေဖမ်းတယ်၊ ဆေးဝါးတွေဖမ်းတယ်၊ လူတွေဖမ်းတယ်၊ အမျိုးမျိုးအနိုင်ကျင့် နှိပ်စက်တာတွေဖြစ်နေတာပေါ့။ ကုန်ဈေးနှုန်းကြီးတာရော စားနပ်ရိက္ခာအရမ်းခက်ခဲတာရော အကုန်လုံးကြုံနေရတာပဲ။ အားလုံးက ကြိုးစားပြီးဖြေရှင်းနေရတာပဲ။ ငွေနဲ့ဝယ်လို့မရ သယ်လို့မရ သွားလာလို့မရဖြစ်နေတာ။ နိုင်ငံတကာအကူအညီတွေကို မမျှော်လင့်ချင်တော့တာမဟုတ်ပါဘူး။ ကျနော်တို့ လက်တွေ့ဆန်လာတဲ့သဘောပါ။ လက်တွေ့ကျကျပဲလုပ်နေကြတာပါပဲ။"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မင်းတပ် CDF ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အယောက်  ၇၀ နီးပါးကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။ 

အခုလို တိုက်ပွဲတွေဖြစ်ပွားတိုင်း စစ်တပ်ဟာ  ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်တာ အပါအဝင် ဖြတ် လေးဖြတ်စနစ်ကို ကျင့်သုံးလေ့ရှိတာဖြစ်ပြီး အရင်ခေတ်တွေကလည်း တိုင်းရင်း သားဒေသတွေမှာ အလားတူ လုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။ 

စစ်ကောင်စီက ချင်းပြည်နယ်မှာ ရိက္ခာလမ်းကြောင်းဖြတ်တောက်နေသလို စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ရိုးတစ်လျှောက်ဆန်တက်လာတဲ့ စစ်ကောင်စီ ရိက္ခာတင်မော်တော်တွေကိုလည်း ဒေသခံ PDF တွေက ဒီဇင်ဘာ ၂ ရက်နေ့မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။

မနက် ၁၀ နာရီနဲ့ ၁၁ နာရီတွေမှာ ချင်းတွင်းမြစ်ကမ်းဘေးကနေ ဒေသခံ PDF တွေက ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ယောက်ကပြောပါတယ်။

မင်းကင်း၊ လက်ချိတ် PDF အဖွဲ့ဝင်တဦးက "၁၀ နာရီမှာ စစ်ကောင်စီ Speed Boat နှစ်စီးကို မင်းကင်းဒေသခံကျေးရွာ PDF တွေပူးပေါင်းအဖွဲ့က တိုက်ခိုက်တာ။ သူတို့ပြန်လှည့်သွားပြီး ၁၁ နာရီလောက်မှာ ပြန်တက်လာတော့ နောက်ထပ်တစ်ပွဲထပ်ဖြစ်တာ။ မင်းကင်းအောက်ဘက် ပန်းဆက်တောင်ပြိုအရပ်က ပျူစောထီးတွေကို သူတို့က သွားပြန်ခေါ်တာ။ ရိက္ခာမော်တော် နှစ်စီးလည်းပါတယ်။ ပျူစောထီးတွေကို အရန်အဖြစ်ခေါ်ခဲ့တာ။ သူတို့ဘက်က အသေအပျောက်တော့ ခန့်မှန်းလို့မရဘူး။ ထိတော့ထိတယ်သူတို့။ အမတို့က လက်နက်လိုအပ်နေတာပဲ။ လက်နက်ချင်းတူဖို့ပဲ။  လက်နက်ချင်းတူလို့ကတော့ တောထဲကအသီးတွေစားပြီးတိုက်မှာပဲ။"

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်ဖို့ အနော်ရထာစစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင်နေတာပါ။

စစ်ကောင်စီယာဉ်တန်းတွေနဲ့ မော်တော်တွေကို ဒေသခံ PDF တွေက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ အရာမထင်ဖြစ်နေပါတယ်။

စစ်ကောင်စီက  လေကြောင်းပစ်ကူတွေကိုပါအသုံးပြုပြီး စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်ခဲ့ပေမယ့် နယ်မြေကျွမ်းကျင်တဲ့ PDF တွေကို စစ်ရေးအရအသာစီးမရနိုင်ဘူးလို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013