DVB Logo
Home
မြန်မာသတင်း
အိုမီခရွန်းဗိုင်းရပ်စ်သစ်ကြောင့် ကိုဗစ်စတုတ္ထလှိုင်းစိုးရိမ်၊ ပြည်တွင်းဆေးဝါးစျေးကွက် တည်ငြိမ်နေ
DVB
·
December 1, 2021
အိုမီခရွန်းဗိုင်းရပ်စ်သစ်ကြောင့် ကိုဗစ်စတုတ္ထလှိုင်းစိုးရိမ်၊ ပြည်တွင်းဆေးဝါးစျေးကွက် တည်ငြိမ်နေ
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တမျိုးဖြစ်တဲ့  အိုမီခရွန်းဗိုင်းရပ်က ပြည်ပနိုင်ငံတချို့မှာ စတင်ဖြစ်ပွားနေတာကြောင့်  မြန်မာနိုင်ငံမှာလည်း ဒီရောဂါပျံ့နှံ့လာပြီး  ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပေါ်လာမှာကို ဆေးပညာကျွမ်းကျင်သူတွေက  စိုးရိမ်ပူနေကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းနဲ့ တတိယလှိုင်းဖြစ်ပေါ်ခဲ့ချိန်မှာ ကိုဗစ်နဲ့စပ်လျဉ်းပြီး ဖျားနာအတွက် သောက်ရတဲ့ ဆေးဝါးတွေ အပါအဝင် ဖြည့်စွက်ဆေးဝါးတွေကို လူတွေက တိုးကြိတ်ဝယ်ယူခဲ့လို့ ဆေးဝါးစျေးနှုန်းတွေက အဆမတန်ကြီးမြင့်ခဲ့ရပါတယ်။ 

အခုတကြိမ်မှာတော့ ရန်ကုန် အိမ်သုံးဆေးဝါးစျေးကွက်မှာ ဆေးဝါးစျေးနှုန်းတွေက လက်ရှိမှာ အပြောင်းအလဲမရှိ စျေးနှုန်းတည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့  ဆေးဝါးရောင်းချသူတွေက ပြောပါတယ်။

ဆေးပညာဆိုင်ရာဘွဲ့ရ ဆေးဆိုင်ပိုင်ရှင်တဦးက “အခုဆေးဆိုင်တွေမှာတော့ ငြိမ်ငြိမ်သက်သက်ပါပဲ။ Fourth wave ကိုတော့ လူတွေလည်း ကြောက်တော့ ကြောက်ကြတာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံကိုတော့ မရောက်သေးဘူးလေနော်။ ပြီးတော့ ရလဒ်ကလည်း မသိရသေးဘူးလေ။ ဆိုတော့ ကြောက်တော့ ကြောက်ကြတယ်ဆိုပေမယ့် သွားလာမပြတ်တော့ ရှိနေကြတုန်းပဲလေနော်။ ဆေးဝါးတွေနဲ့ပတ်သက်လို့က အရင် ကိုဗစ် Third wave တုန်းကလိုမျိုး အခုအချိန်မှာတော့ မဖြစ်သေးပါဘူး။ ပုံမှန်အခြေအနေပဲ ရှိပါသေးတယ်။ ဒါက လူတွေကြားထဲမှာ Alert မဖြစ်သေးတာလား၊ ဒါမှမဟုတ် လူတွေလက်ထဲမှာ ဆေးဝါးတွေ ရှိနေသေးလို့လားပေါ့။ ဘာလို့လဲဆိုတော့ Third wave တုန်းကဆိုရင် အောက်ဆီဂျင်အိုးတွေနဲ့ အသက်ရှူစက်တွေကို တော်တော်များက ကြိုဝယ်ကြတယ်လေ။ နောက်တချက်ကလည်း ကာကွယ်ဆေးက အခုအချိန်မှာ လူတော်များများက ထိုးထားကြတာလည်း ပါမယ်။ အဲဒီတော့ အခုအခြေအနေမှာ အရမ်းကြီးတော့ သိပ်ပြဿနာမရှိသေးဘူးပေါ့” လို့ဆိုပါတယ်။

ဆေးဝါးစျေးနှုန်းတွေ အဆမတန်ကြီးမြင့်ခဲ့ရတာက ပြည်သူတွေ ဆေးပညာဗဟုသုတ အားနည်းမှုနဲ့လည်း သက်ဆိုင်တဲ့ အကြောင်း အဆိုပါပုဂ္ဂိုလ်က ထောက်ပြပြောပါတယ်။

“ဘိုင်အိုဂျက်ဆစ်ဆိုရင် အရင်က တကတ်ကို  ကျပ် ၄၅၀ ရောင်းတဲ့ဟာကို ၄၀၀၀ အထိ ဖြစ်သွားတယ်။ အဲဒါက ဘယ်လိုဖြစ် သွားလဲဆိုရင် ပြည်သူတွေရဲ့ ဆေးပညာဗဟုသုတ အရပေါ့နော်။ ဘိုင်အိုဂျက်ဆစ်ဆိုရင် ဘိုင်အိုဂျက်ဆစ်ပဲ ဝယ်တယ်လေ။ တခါ စီဗစ် ဆိုရင် အမ်နာဘွန်စီ တမျိုးတည်းလိုက်ဝယ်ကြတယ်။ ဘီပီအိုင်က ထုတ်တဲ့ စီဗစ်ကလည်း စီဗစ်ပဲလေ။ အဲဒါကို သောက်ရင်လည်း ရတာပဲ။ ဒါပေမဲ့ အဲဒီလိုမျိုးမဟုတ်ဘဲ လူတွေ သူများက ဒါပြောတယ်ဆိုတာနဲ့ ပြောတဲ့အတိုင်း လိုက်ဝယ်ကြတာလည်း ပါတယ်။ ဒါကြောင့် စျေးတွေက တက်ကုန်တာ” လို့ ပြောပါတယ်။

အိမ်သုံးဆေးဝါးရောင်းချနေတဲ့ အခြားဆေးဆိုင်ပိုင်ရှင်တဦးကလည်း “ဒါက စီးပွားရေးသမားတွေအနေနဲ့ သူတို့ လုပ်နေကျ အလေ့အထလို့ ပြောရမှာပေါ့နော်။ ကိုဗစ်မပြောနဲ့။ ရိုးရိုးအခြေအနေမှာ ဆိုရင်တောင် ဥပမာ နွေရာသီမရောက်ခင်မှာ ဓာတ်ဆားတွေ ဘာတွေ ကြိုဝယ်ထားရတယ်။ အဲဒီအချိန်မျိုးကြိုဝယ်ထားရင် စျေးကလည်း တန်တယ်။ နွေရာသီ ရောက်မှဆိုရင် ဓာတ်ဆားတောင် ပြတ်လပ်သွားတာမျိုး ရှိခဲ့ဖူးတယ်။ ဆေးကုန်သည်တွေက ဆေးတွေ ရှိရဲ့သားနဲ့ သိုလှောင်ထားပြီး မရောင်းတာတွေ ရှိတယ်လေ။ အဲ့လိုလုပ်ထားတော့ ဆေးတွေက စျေးတက်ကုန်တာပေါ့။ တကယ်လို့သာ ဆေးကုမ္ပဏီတွေက သူတို့ရတဲ့ဟာကို ဖြန့်ဖြူးပေးနိုင်မယ်ဆိုရင် စျေးနှုန်းတွေက ပုံမှန်ရှိနေမှာပါ။ အရမ်းကြီး ဝယ်လိုအား မများဘူး ဆိုရင်ပေါ့။ ပြီးတော့ ဆေးဝါးတင်သွင်းနေတဲ့ ကုမ္ပဏီကြီးတွေကလည်း သူတို့ကိုယ်တိုင်က မျှမျှတတ လုပ်ပေးမယ်ဆိုရင်တော့ ပြဿနာက အဲ့လောက် ကြီးကြီးမားမားမရှိဘူးပေါ့။ အခုအခြေ မှာတော့ အားလုံး တည်တည်ငြိမ်ငြိမ်ပါပဲ။ စျေးတွေကလည်း ပုံမှန်ပါပဲ” လို့ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကတော့  အိုမီခရွန် မျိုးဗီဇပြောင်း ရောဂါပိုး မြန်မာနိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရေးနဲ့  နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခုအဖြစ် ကြီးမားစွာဖြစ်ပေါ်မလာစေရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့  ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျ စီမံချက်ရေးဆွဲပြီး  အချိန်နဲ့ တပြေးညီ လျင်မြန်စွာဆောင်ရွက်ရမယ်လို့ နိုဝင်ဘာ ၃၀ ရက် နေ့ နေပြည်တော်မှာကျင်းပတဲ့ အစည်းအဝေးမှာ ပြောပါတယ်။

အာဖရိကတိုက်တောင်ပိုင်းဒေသနိုင်ငံတွေနဲ့ အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူစက်က်ရာ နိုင်ငံ/ဒေသများမှ လာရောက်သူတွေကို  ခရီးသွားလာခွင့် ပိတ်ပင်ခြင်း (သို့မဟုတ်) အသွားအလာကန့်သတ်ချိန် တိုးမြှင့်တာနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RT-PCR နဲ့ အကြိမ်တိုးမြှင့် စစ်ဆေးခြင်းတို့  ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် နယ်စပ်ဒေသတွင် စနစ်တကျ ကွာရန်တင်းဝင်ရောက်စေဖို့၊ RT-PCR နဲ့ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးတာတွေကိုလည်း စနစ်တကျ ဆောင်ရွက်ဖို့၊ ယာယီရပ်နားထားတဲ့ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနတွေ၊ အသွားအလာ ကန့်သတ်ထားရှိတဲ့ ကွာရန်တင်းစင်တာတွေကို  အသင့်အနေအထား ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားဖို့လည်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013