
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲအစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှု ၂ ခု၊ စုစုပေါင်းအမှု ၃ ခုကို ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်နေ့မှ အမိန့်ချမယ်ဆိုပြီး ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ နေပြည်တော်၊ ဇမ္ဗူသီရိတရားရုံး၊ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ စီစဉ်ထားတဲ့အမှုတွေကို ရက်ရွှေ့ဆိုင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှုတစ်ခုတည်းကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ အဲ့ဒီသဘာဝဘေးအမှုအတွက် တရားလိုပြ သက်သေအဖြစ်ထွက်ဆိုမယ့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ နေပြည်တော်ကိုလာဖို့ ကျန်းမာရေးကောင်းမွန်နေပြီလို့ အတိုင်ပင်ခံရဲ့ရှေ့နေအဖွဲ့က တရားရုံးကို အဆိုပြုချက် တင်သွင်းခဲ့ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင်က အတိုင်ပင်ခံအတွက် သက်သေအဖြစ်ထွက်ဆိုလိုကြောင်း ရှေ့နေအဖွဲ့ဆီ အကြောင်းကြားထားတယ်လို့ဆိုပါတယ်။
နိုင်ငံခေါင်းဆောင်တွေရဲ့ရှေ့နေအဖွဲ့က တရားရုံးအနေနဲ့ ဒေါက်တာဇော်မြင့်မောင်ဆီကို ဆင့်ခေါ်စာထပ်ထုတ်ပြီး တိုက်ရိုက်ပေးပို့ဖို့ လျှောက်ထားခဲ့တယ်လို့လည်း သိရပါတယ်။ တရားရုံးက ရှေ့နေအဖွဲ့ရဲ့လျှောက်ထားမှုကို ဒီဇင်ဘာ ၆ ရက်နေ့ မှာ ခွင့်ပြု၊မပြု အမိန့်ချသွားဖို့ရှိနေပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွဲဆိုထားတဲ့ တခြား သဘာဝဘေးပုဒ်မအမှု ၂ ခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးကဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၆ ရက်နေ့မှာ ဒေါ်အောင်ဆန်စုကြည်က အမှု ၃ မှုအတွက် စီရင်ချက်အချခံရမှာဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကတော့ အမှု ၂ မှု အတွက် စီရင်ချက်အချခံရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမှု ၁၁ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ ထပ်တရားစွဲထားတဲ့အတွက် ရင်ဆိုင်ရမယ့်အမှု ပိုများလာမှာ ဖြစ်ပါတယ်။