
သမ္မတထရမ့်ပ်ရဲ့ မိတ်ဆွေ လော်ဘီပညာရှင် ရော်ဂျာစတုန်းကို စစ်အုပ်စုက ထပ်မံငှားရမ်းပြီး အမေရိကန်အစိုးရကို ချဉ်းကပ်ဖို့ ကြိုးစားနေပါတယ်။
စစ်အုပ်စုက အမေရိကန်ပြည်ထောင်စုကို ချဉ်းကပ်နိုင်ဖို့ ဒေါ်လာသန်းချီ အသုံးပြုပြီး လော်ဘီကုမ္ပဏီတွေ ငှားရမ်းခဲ့တာပါ။
မေ ၁ ရက်နေ့မှာ သမ္မတထရမ့်ပ်ရဲ့ မိတ်ဆွေ လော်ဘီပညာရှင် ရော်ဂျာစတုန်းကို စစ်ကောင်စီက ထပ်မံငှားရမ်းထားကြောင်း Bloomberg သတင်းက ဖော်ပြပါတယ်။
၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင်က စစ်ကောင်စီ ငှားရမ်းခဲ့တဲ့ DCI group ကနေတဆင့် ရော်ဂျာစတုန်းဟာ လုပ်ငန်းဆောင်ရွက်သွားဖို့ ရှိနေတာပါ။ အဲဒါအပြင် စစ်ကောင်စီဟာ စီးပွားရေးလမ်းကြောင်းဖြစ်တဲ့ အမေရိကန်ကုန်သည်ကြီးများအသင်း၊ US-ASEAN Business Council တို့ကနေတဆင့်လည်း ညှိနှိုင်းရေးလမ်းကြောင်းဘက်ကို ဆွဲယူနိုင်ဖို့ အားထုတ်နေတာ ဖြစ်ပါတယ်။
တဦးချင်းစီအလိုက် အမေရိကန်ရောက် မြန်မာနွယ်ဖွား Professional Advocate လုပ်နေတဲ့သူတွေကလည်း ညှိနှိုင်းရေးဘက်ကို မသိမသာတွန်းနေကြတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ဒီအချက်တွေအရ စစ်ခေါင်းဆောင်ဟာ တရုတ်အစိုးရနဲ့ ပူးပေါင်းနေရပေမဲ့ တဖက်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကောင်းမွန်အောင် အားစိုက်နေတာတွေ့နိုင်တယ်လို့ ဆိုကြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့ မခင်သီရိနန္ဒာစိုးက “အခုလက်ရှိ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ဆက်ဆံရေးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အဟန့်အတားတွေ ဖြစ်စေနိုင်သလို တဖက်မှာလည်း လွတ်မြောက်နိုင်တဲ့ အခြေအနေတွေ ဖန်တီးနေနိုင်တယ်။ ဒါကို အာဏာလုထားတဲ့ စစ်ကောင်စီကလည်း ကောင်းကောင်းသိတဲ့အတွက် သူတို့ရပ်တည်ရေး ရှင်သန်ရေးအတွက်ကို ဒီ အမေရိကန်-တရုတ် အားပြိုင်မှုကို ကောင်းကောင်း အသုံးချမှာဖြစ်တယ်။ အသုံးလည်း ချနေတယ်ပေါ့နော်၊ အရင်သမိုင်းကြောင်းတွေမှာဆိုရင်လည်း အသုံးချခဲ့တာတွေ့ရမှာ ဖြစ်တယ်။ အရေးအကြီးဆုံးက ကျမတို့ရဲ့ အဓိကဦးတည်ချက်ပေါ့နော်၊ ဒါ မပျောက်သွားဖို့ လိုအပ်တယ်။ ကျမတို့ဟာ စစ်အာဏာရှင်ချုပ်ငြိမ်းသွားရေးကို ဦးတည်တဲ့ ပင်မမဟာဗျူဟာအောက်မှာပဲ လွတ်မြောက်ရေးလှုပ်ရှားမှုဟာ ရှိဖို့အတွက် လိုအပ်တယ်ပေါ့၊ သံတမန်ရေးရာ ကိစ္စရပ်တွေကိုလည်း အင်တိုက်အားတိုက် ဆက်ပြီးတော့လုပ်မယ်၊ လူထုတိုက်ပွဲတွေကိုလည်း ပြည်တွင်း ပြည်ပ ဆက်ပြီးတော့ အတွဲညီညီနဲ့ လုပ်သွားမယ်ဆိုရင်တော့ အရမ်းစိုးရိမ်စရာကောင်းတဲ့ အနေအထားမျိုးမရောက်ဘဲနဲ့ တိုက်ပွဲအရှိန်ကို ဆက်ထိန်းထားနိုင်မယ့် အနေအထားတော့ရှိတယ်လို့ ကျမအနေနဲ့သုံးသပ်ပါတယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၂၅ ရက်နေ့ နေပြည်တော်ခရီးစဉ်မှာ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျစ်လျူရှုမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက ဧပြီ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့မိတ်ဆွေဟောင်းဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
ဆက်တိုက်ဆိုသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ချုပ်နှောင်လိုက်တယ်လို့ စစ်ခေါင်းဆောင်က ဧပြီ ၃၀ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေအပြီး မေ ၁ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောဆိုခဲ့ပါတယ်။
ကုလ၊ အီးယူနဲ့ ဂျပန်နိုင်ငံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တိုက်တွန်းချက်တွေ ဆက်တိုက်ပြောဆိုလာတာကြောင့် တရုတ်နဲ့ အနောက်အင်အားကြီးနိုင်ငံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးစကားဝိုင်းအတွက် မဖြစ်မနေ လိုအပ်သူအဖြစ် ဘုံသဘောထား ရှိလာတာ တွေ့ရတယ်လို့ မြန်မာ့အရေးအကဲခတ်တယောက်က မှတ်ချက်ပေးပါတယ်။
လော့စ်အိန်ဂျယ်လိစ်-မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းရွှေက “တရုတ်က မင်းအောင်လှိုင် ဦးစီးတဲ့ စစ်တပ်က မြန်မာပြည်ကို တည်ငြိမ်အောင် မလုပ်နိုင်တော့ဘူးလို့ သူတို့ ယူဆတယ်လို့ ကျနော်တို့ ထင်တယ်ဗျ၊ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တုရင်ကစားဖို့ ဘုရင်မကြီးအနေနဲ့ ထုတ်သုံးမယ်လို့ ကျနော်တို့ ယူဆကြတယ်ဗျာ။ သူ့ကိုသုံးပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးခိုင်းမှာပေါ့လေ။ တရုတ်က လိုချင်တာ ငြိမ်သက်မှုသက်သက်တင် မဟုတ်ဘူး၊ Control Stabality ဆိုတာ သူတို့ ထိန်းချုပ်လို့ရတဲ့ ငြိမ်သက်မှုမျိုး လိုချင်တာ။ တရုတ် ညွှန်ကြားချက်နဲ့ တရုတ် ဖိအားပေးလို့ပေါ့နော်၊ ကျနော် ထင်တယ်၊ မင်းအောင်လှိုင်တို့က အဲဒါမျိုး သိပ်မလုပ်ချင်ပါဘူး။ မင်းအောင်လှိုင်တို့ဘက်ကလည်း တရုတ်ကို လုံးဝ ပြောတာ နားထောင်နေရတာကို သိပ်သဘောမကျဘူးနဲ့ တူတယ်။ ပြီးတော့ သူတို့အတွက်လည်း သူတို့အနေနဲ့ သိပ်ပြီးတော့ မကောင်းဘူးလို့ ယူဆတယ်နဲ့တူတယ်။ အဲဒီတော့ သူတို့က အမေရိကန်ကို ကပ်ချင်တော့ သန်းပေါင်းများစွာအကုန်ခံပြီးတော့ လော်ဘီတွေငှားပြီးတော့ ဒီမှာ လုပ်နေတယ် မှတ်လား။ ကျနော်တို့ကတော့ အဲဒါမျိုး မြင်တယ်ဗျာ၊ တရုတ်ကလည်း သူ့အကျိုးစီးပွားအတွက် သူ လုပ်မှာပေါ့ဗျာ၊ လူတိုင်းက သူ့အကျိုးစီးပွားအတွက် သူလုပ်မှာပေါ့” လို့ ပြောပါတယ်၊
တရုတ်နိုင်ငံကတော့ သူတို့ရဲ့ဗျူဟာမြောက် ပိုးလမ်းမ အပါအဝင် သူတို့စီမံကိန်းတွေတည်ရှိရာ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာမဆို နယ်မြေမတည်ငြိမ်တာ၊ အုပ်ချုပ်ရေးယန္တရားပျက်စီးတာနဲ့ အုပ်ချုပ်ရေးလေဟာနယ် ဖြစ်တာကို မလိုလားတဲ့အတွက် သူတို့ ထိန်းချုပ်နိုင်တဲ့ တည်ငြိမ်မှုမျိုးကို တည်ဆောက်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အင်အားကြီးနိုင်ငံတွေက မြန်မာ့တည်ငြိမ်ရေးအတွက် ထုတ်သုံးချင်ကြပေမဲ့ လက်တွေ့လွတ်မြောက်လာရင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လမ်းကနေ မြန်မာ့အရေးကို ချဉ်းကပ်မယ်ဆိုတာ ပုံသေမပြောနိုင်ဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။










