DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ယာဥ်ထုတ်လုပ်ရေးလုပ်ငန်းကို ရင်းနှီးမြှပ်နှံမှု ဦးစားပေးဖိတ်ခေါ်မည့် ကဏ္ဍ ၇ ခုတွင် စစ်ကောင်စီ ထည့်သွင်း
DVB
·
November 29, 2021
လျှပ်စစ်ယာဥ်ထုတ်လုပ်ရေးလုပ်ငန်းကို  ရင်းနှီးမြှပ်နှံမှု ဦးစားပေးဖိတ်ခေါ်မည့် ကဏ္ဍ ၇ ခုတွင် စစ်ကောင်စီ ထည့်သွင်း
Donate to DVB

စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က  ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဦးစားပေးလုပ်ငန်းကဏ္ဍ ၇  ခုကို မကြာသေးခင်က   ထုတ်ပြန်ခဲ့ရာမှာ လျှပ်စစ်ယာဉ် ထုတ်လုပ်ရေးကဏ္ဍကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

အခု စစ်ကောင်စီ ဦးစားပေး ဖိတ်ခေါ်ထားတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်း အမျိုးအစားတွေကတော့ လျှစ်စစ်ယာဥ်တွေထုတ်လုပ်တဲ့လုပ်ငန်းနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဓာတ် မြေသြဇာ ထုတ်လုပ်တဲ့လုပ်ငန်း၊ ဘိလပ်မြေနဲ့ သံမဏိထုတ်လုပ်တဲ့လုပ်ငန်း၊ ဆေး၀ါးနဲ့ ကျန်းမာရေး ဆိုင်ရာ ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအပြင် အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ လည်း ပါ၀င် ပါတယ်။

အဲဒီလုပ်ငန်း အမျိုးအစားတွေမှာ ရင်းနှီးမြှပ်နှံဖို့ ပြည်တွင်း၊ပြည်ပ  ရင်းနှီးမြှပ်နှံသူတွေက အဆိုပြုတင်ပြလာမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်သလို လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေပါ လုပ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ယခင် ၀င်ရောက်ထားပြီး ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ပြန်လည် ဆုတ်ခွာနေချိန်  စစ်ကောင်စီက ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှပ်နှံသူတွေကို အခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ယာဉ်၊ ရထား ပြေးဆွဲဖို့ အခြေခံ အဆောက်အဦ အဆင်သင့် မရှိသေးပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံတ၀န်းလုံးမှာ လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေပြေးဆွဲပြီး  မြေအောက်ရထားလမ်းတွေ၊ ဥမင်တွေ  ဖောက်လုပ်မယ်လို့ မကြာခဏ ပြောကြားနေတာပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်ရှိတိုင်းပြည်ရဲ့စီးပွားရေးက အနိမ့်ဆုံး အဆင့်ကိုကျဆင်းနေချိန် စစ်ခေါင်းဆောင်ရဲ့ အဲဒီပြောကြားချက်ဟာ လက်တွေ့နဲ့ ကင်းကွာနေတယ်လို့ ဝေဖန်မှုတွေ လည်းရှိခဲ့ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ တို့လို ငွေကြေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေက  မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို  သိသိသာသာကျဆင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်းကတော့ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း ရရှိဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ရှိပြီးလုပ်ငန်းတွေက ရင်းနှီးမြှပ်နှံမှုတိုးမြှင့်တာတွေ အပါအ၀င် စုစုပေါင်း ခွင့်ပြုခဲ့တဲ့  ရင်းနှီးမြှပ်နှံမူပမာဏက အမေရိကန် ဒေါ်လာ  ၃ ဒသမ ၇၉၁ ဘီလီယံ သာရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးပမာဏထိ ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအရ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ရည်မှန်းချက်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြစ်ပေမဲ့ တကယ်တမ်မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ပမာဏ ၃ ဒသမ ၈ ဘီလီယံ လောက်  သာ၀င်ရောက်ခဲ့တာကြောင့် လျာထားချက်ရဲ့ ၆၅ ရာခိုင်နှုန်း၀န်းကျင်သာ ရရှိခဲ့ပါတယ်။

အရပ်သားအစိုးရတာ၀န်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ စုစုပေါင်းဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော်  ထိရှိခဲ့တာကြောင့်  ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ ၂၂  ရာခိုင်နှုန်း ဝင်ရောက်မှု လျော့ကျခဲ့တာပါ။

စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (နှစ်၀က်ဘတ်ဂျတ်)  ပထမအစည်းအဝေးမှာ  ဟိုတယ်နဲ့ခရီးသွားကဏ္ဍအပါအ၀င်  စိုက်ပျိုးရေး ကဏ္ဍ၊ ကုန်ထုတ်လုပ်မူကဏ္နဲ့ ၀န်ဆောင်မူကဏ္ဍတွေက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြုခဲ့ပြီး ၊ အရင်ရှိထားပြီးလုပ်ငန်းတွေရဲ့ မတည်ငွေရင်း တိုးမြှင့်တာအပါအ၀င်  အဲဒီခွင့်ပြု လုပ်ငန်းတွေရဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ  ၂၀၄ သန်းကျော် ရရှိထား တယ်လို့ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013