DVB Logo
Home
မြန်မာသတင်း
ရေစကြို ဈေးဆိုင်ခန်းများ ဖောက်ထွင်းခံရ၊ စစ်မှုထမ်းဟောင်းများကို တာဝန်ပြန်ထမ်းခိုင်း
DVB
·
November 23, 2021
ရေစကြို ဈေးဆိုင်ခန်းများ ဖောက်ထွင်းခံရ၊ စစ်မှုထမ်းဟောင်းများကို တာဝန်ပြန်ထမ်းခိုင်း
Donate to DVB

ရေစကြိုမြို့နယ်အတွင်းက စစ်မှုထမ်းဟောင်းတွေကို တာဝန်ပြန်ထမ်းခိုင်းနေပြီး မထမ်းဆောင်သူတွေကို ပင်စင်လစာ မပေးတော့ကြောင်း အကြောင်းကြားလာတယ်လို့ စစ်မှုထမ်းဟောင်းများနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စီးပွားရေး အဆင်ပြေတဲ့ စစ်မှုထမ်းဟောင်းတွေအတွက် တာဝန်မထမ်းဆောင်ဖို့ ရွေးချယ်ကြပေမယ့် စီးပွားရေးအဆင်မပြေတဲ့ မိသားစုတွေအတွက်ကတော့ တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ရ ခက်ခဲတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်မှု ထမ်းဟောင်းတစ်ဦးက “ပင်စင်လစာကိုမှီခိုပြီး အခုနေအချိန်ခါက စားသောက်နေထိုင်နေရတာ၊ တာဝန်ပြန်ထမ်းဆောင်ရမယ် မဟုတ်ရင် ပင်စင်လစာမပေးဘူးလို့ ဆိုတော့ ဘာလုပ်စားရမလဲ မသိဘူး။ အဆင်ပြေတဲ့သူတွေက ဟုတ်တယ်လေ၊ သူတို့ပင်စင်မရလည်း နေလို့ရတယ်။ ကျုပ်တို့လို လူတွေကျတော့ ပင်စင်ကို အမှီပြုပြီး စားသောက်နေရတာ လက်နက်တချို့ပေးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အရည်အသွေးမှီတာမျိုးကို ပေးထားတာမဟုတ်ဘူး။ အဲ့ဒီတော့ တကယ်တိုက်ရရင် ကိုယ်ပဲသေမှာပေါ့။ စစ်မှုထမ်းဟောင်းဖြစ်နေပါတယ်ဆို ချိုကျိုးနားရွက်ပဲ့တွေ ချည်းပဲ အကောင်းလည်းတစ်ယောက်မှ မပါပါဘူး။ ငယ်တာရွယ်တာလည်း တစ်ယောက်မှ မရှိပါဘူး။ လစာပေးမယ်တော့ ပြောတယ်၊ ဒါပေမယ့် မလုပ်ရဲပါဘူးဗျာ။ ဘာလုပ်လို့ ဘာစားရမယ်ဆိုတာလည်း မသိပါဘူး” လို့ ပြောပါတယ်။

ဒေသခံပျူစောထီးတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီက G3 နဲ့ တစ်လုံးထိုး သေနတ်တွေကို ပေးထားပြီး မြို့နယ်အတွင်း ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ စစ်မှုထမ်းဟောင်း အသိုင်းအဝိုင်းက သိရပါတယ်။

နိုဝင်ဘာ ၂၂ရက်နေ့ ညပိုင်းကလည်း ည ၈ နာရီကျော် အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပြီး ကင်းလှည့်ပျူစောထီးများက ရေစကြိုမြို့မကြီးဈေး အပြင်ဘက်တန်းက ဈေးဆိုင်ခန်းတွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေယူဆောင်သွားတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။

ဖောက်ထွင်းခံရမှုမှာ ၁၀ ပိဿာ ဆီပုံး ၂၀ ကျော် အခိုးခံခဲ့ရပြီး ရေစကြိုမြို့ပေါ်မှာ ပစ္စည်းပျောက်တာတွေ၊ ဖောက်ထွင်းခံရမှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

မြို့ခံတစ်ဦးက “အိမ်က ဆိုင်ကယ် အခိုးခံရတုန်းက ကိုယ့်ဆိုင်ကယ်မှန်း သိလျက်သားနဲ့ကို စခန်းမှာ ငွေပေးပြီး ပြန်ရွေးရတယ်။ အဲ့လိုပဲ သူတို့ အဲ့ခွေးတွေ ကင်းလှည့်တဲ့အချိန်တိုင်းမှာ ပျောက်တယ်၊ ပစ္စည်းပျောက်တယ်၊ အဖိုးတန်တွေပျောက်တယ်။ အခု ခိုးမှုမှာလည်း သူတို့ကင်းလှည့်တဲ့အချိန်ပဲ ဖောက်ထွင်းခံရတာပဲ။ ဆိုင်သော့ကိုတောင် ဖျက်ဝင်တယ်၊ ညဘက်မထွက်ရအမိန့် ထုတ်ထားတာက သူတို့ခိုးချင်သလိုခိုးဖို့ဖြစ်နေတာ” လို့ ပြောပါတယ်။

ရေစကြိုမြို့ပေါ်မှာ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ရအမိန့်ထုတ်ထားပြီး ပျူစောထီး အဖွဲ့ဝင်တွေသာ ညဘက်အချိန် မြို့လုံခြုံရေးကို အကြောင်းပြုကာ မြို့အနှံ့ သေနတ်ပစ်ဖောက်ရမ်းကားမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013