DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လောင်းကစားဝိုင်းများနှင့် ရာဇဝတ်မှုများတိုးလာသဖြင့် ပြည်သူများ လုံခြုံမှုမရှိဖြစ်နေ
DVB
·
November 21, 2021
ရန်ကုန်တွင် လောင်းကစားဝိုင်းများနှင့် ရာဇဝတ်မှုများတိုးလာသဖြင့် ပြည်သူများ လုံခြုံမှုမရှိဖြစ်နေ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် ၁၀ လနီးပါးရှိလာချိန်မှာ  ရန်ကုန်မြို့ လူစည်ကားရာနေရာတွေမှာ  လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြသလို လိမ်လည်မှုတွေ   ရာဇဝတ်မှုတွေ ပိုများလာတာကြောင့် ပြည်သူတွေအနေနဲ့ သွားလာရာမှာ လုံခြုံမှုမရှိဘဲ စိုးရိမ်နေရတယ်လို့  မြိုခံတွေထံက သိရပါတယ်။

အခုနောက်ပိုင်း လူစည်ကားရာနေရာတွေ၊ ဘတ်(စ်)ကားမှတ်တိုင်တွေမှာ အမျိုးသားတချို့ဟာ စာရွက်တရွက်နဲ့ အံစာတုံးတွေထည့်ထားတဲ့ ခွက်တွေ၊ လူတွေ မက်လောက်စရာ ပိုက်ဆံ ငါးထောင်တန်၊ တသောင်းတန်တွေနဲ့ လောင်းကစားဆန်ဆန် ကစားနည်းတွေနဲ့ လမ်းသွားလမ်းလာ၊ ခရီးသွားပြည်သူတွေကို ဖြားယောင်းကစားစေတာမျိုး ခပ်စိပ်စိပ်တွေ့ရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

“ဒီလိုလောင်းကစားနည်းနဲ့ မသိနားမလည်နဲ့လူတွေကို လိမ်စားနေတာမျိုးတွေ့တာ သုံးကြိမ်လောက်ရှိပြီ။ ကြက်ဘဲဈေးမှတ်တိုင်၊ တာမွေမှတ်တိုင်နဲ့ ရွှေဂုံတိုင်မှတ်တိုင်တွေမှာ။ သူတို့က ခရီးသွားတွေကို သူတို့နဲ့ ပိုက်ဆံလောင်းဖို့ ဆွယ်တယ်။ ပထမ တခါ၊ နှစ်ခါတော့ လောင်းတဲ့သူကို အနိုင်ပေးတယ်။ နောက်ပိုင်းမှာတော့ လောင်းတဲ့သူတွေ ပါလာတဲ့ ပိုက်ဆံတွေအပါအဝင် နာရီလိုမျိုး၊ ဖုန်းလိုမျိုး၊ ရွှေလိုမျိုးလက်ဝတ်လက်စားတွေပါ သူတို့ရအောင် ယူတယ်။ လောင်းတဲ့သူတွေလည်း အသိစိတ်လွတ်သလို ပုံစံမျိုးတွေ့ရတယ်။ သူတို့ သတိရတဲ့အချိန်ကျတော့ သူတို့ပစ္စည်းတွေ ပါကုန်ပြီ။ ပြန်တောင်းလို့လည်း မရဘူး။ သူတို့ဒီလို လိမ်စားနေတာကို သိတဲ့သူတွေရှိပေမယ့် သူတို့ကို သွားမပြောရဲဘူး။ သွားပြောတဲ့သူတွေကိုလည်း ရန်ရှာတာမျိုး၊ ဓားနဲ့ထိုးတာမျိုးရှိလို့ သိပေမဲ့ ဘယ်သူမှမပြောရဲကြဘူး။”

ခုလို မသမာနည်းနဲ့ လိမ်လည်နေတဲ့သူတွေဟာ သူတို့ရဲ့ ဖြားယောင်းမှုခံရတဲ့လူတွေကို လက်နဲ့ပုတ်ပြီး လောင်းကစားလုပ်ဖို့ မြှောက်ထိုးပင့်ကော်တာမျိုး အားပေးအားမြှောက်လုပ်တာမျိုး တွေ့ ရတယ်လို့ ဆိုပါတယ်။

လိမ်လည်သူတွေဟာ သာမန်ခရီးသွားဟန်လွဲပုံစံမျိုး ဝတ်စားထားကြပြီး လောင်းကစားပြီးရင် အုပ်စုလိုက် တက္ကစီကားနဲ့ထွက်သွားကြတယ်လို့လည်း သိရပါတယ်။

ခုလို လူမြင်ကွင်း လောင်းကစားလုပ်တာကို လက်ရှိနိုင်ငံရေး အခြေအနေအရ ဘယ်သူမှ ရဲတွေကို တိုင်တန်းတာမျိုး မရှိတာကြောင့် လိမ်လည်သူတွေက ပိုအတင့်ရဲလာနိုင်ကြောင်း၊ ပြည်သူတွေအတွက် ပိုအန္တရာယ်များလာနိုင်ကြောင်းနဲ့ မသိနားမလည်တဲ့သူတွေအနေနဲ့ သူတို့ ပင်ပင်ပန်းပန်းရှာထားတဲ့ငွေတွေကို တခဏအတွင်း ဆုံးရှုံးနိုင်တာကြောင့် စိုးရိမ်တယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

“အခုလိုကာလမျိုးမှာ လူလိမ်လူကောက်တွေ အရမ်းများတယ်။ လိမ်ပုံလိမ်နည်းအမျိုးမျိုး ရှိတယ်။ အွန်လိုင်းကနေ လိမ်တယ်။ အပြင်မှာလည်း လိမ်ကြတယ်။ ဒါကြောင့် သတိဝိရိယနဲ့သွားလာကြပါ။ အထူးသဖြင့် YBS စီးတဲ့သူတွေပေါ့နော်။ ကားပေါ်မှာလည်း ကားပေါ်အလျောက် သတိထားပါ။ ကားမှတ်တိုင်မှာလည်း ကားမှတ်တိုင်အလျောက် သတိထားကြပါ။ ခါးပိုက်နှိုက်တွေလည်း အရမ်းများတယ်။ ခုခေတ်ကာလကြီးမှာ ပိုက်ဆံတွေလည်း အများကြီး မသယ်သွားနဲ့ပေါ့နော်။ ပြီးရင် လက်ဝတ်လက်စားတွေလည်း မဝတ်သွားနဲ့လို့ ပြောချင်ပါတယ်”လို့ ရန်ကုန်မြို့ခံတဦးက သတိပေး ပြောပါတယ်။

စစ်ကောင်စီဩဇာခံ ရဲနဲ့စစ်တပ် လုံခြုံရေးတပ်ဖွဲ့တွေဟာ  ခိုးဆိုးလုနှိုက်တွေ၊ လိမ်လည်မှုတွေ၊ ရာဇဝတ်မှုတွေ၊ မတရားမှုတွေကို လျော့နည်းအောင် တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်ရမယ့်အစား  ပြည်သူတွေပိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လုယက်ခိုးယူ၊ မတရားသိမ်းဆည်းမှုတွေ လုပ်ဆောင်နေကြတာပါ။

ဒါ့အပြင် တဖက်မှာလည်း နိုင်ငံတဝန်း မြို့တွေ နယ်တွေ အသီးသီးမှာ ဒုစရိုက်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေနဲ့  လောင်းကစားဝိုင်းတွေကို ဆက်ကြေးကောက်ပြီး ဖွင့်လှစ်ခွင့် ပြုနေတာ လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ မတ်လကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးစတင် ကျဆင်းလာရာက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စီးပွားရေး ကျပ်တည်းမှုဒဏ်ကို ပိုမိုခံစားနေရတာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၂၆ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုနဲ့ လျင်မြန်စွာ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေခဲ့တဲ့ မြန်မာ့စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး ၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဟာ   ၁၈ ရာခိုင်နှုန်းလောက် ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိ တိုင်းပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ ကိုဗစ်ရောဂါပျံ့နှံ့ဖြစ်ပွားမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ငွေကြေးလိမ်လည်မှု၊ ဒုစရိုက်မှုတွေ တနေ့တခြား တိုးလာနေပြီး ပြည်သူလူထုဟာ  စိတ်ရော၊ ကိုယ်ပါ မလုံခြုံမှုတွေနဲ့ နေ့စဉ် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013