Home
ဆောင်းပါး
ပြည်သူက ပန်းကုံးမစွပ်၊ ပန်းခွေမချ အမျှမဝေလို‌တော့တဲ့ စစ်မိစ္ဆာတပ်
DVB
·
November 19, 2021
257295437_623009285402883_5743062371961746774_n

ဒီကနေ့မျက်မှောက်ကာလဟာ ဇီဝိန်ချုပ်တော့မယ့် ကျားနာနဲ့တူလာတဲ့ အာဏာရှင်စနစ်ရဲ့ အကြမ်တမ်းဆုံး လက်သည်းအစွယ်များသုံးလို့ ကျားနာခဲ အခဲခံရမှုတွေကို ရင်ဆိုင်တန်ပြန်နေရတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားမိဘပြည်တွေအတွက် သွေးသံရဲရဲ အနိဋ္ဌာရုံ‌တွေ၊ ငရဲမီးလျှံလို ဒုက္ခသုက္ခအဖုံဖုံနဲ့  ပြည့်လျှမ်းနေတဲ့ အမှောင်ခေတ်ဖြစ်ပါတယ်။

နိုင်ငံနဲ့ပြည်သူကိုကာကွယ်ဖို့ တိုင်းပြည်ဘဏ္ဍာရိက္ခာ လစာယူထားရတဲ့ စစ်တပ်ဟာ သူ့ရဲ့မူရင်းတာဝန်ကို ပျက်ကွက်ယုံမက မတရားလုယူထားတဲ့အာဏာ၊ ရာထူး၊ လုပ်ပိုင်ခွင့်‌တွေနဲ့ နိုင်ငံပိုင်ပြည်သူပိုင်ပစ္စည်းတွေ လုယက်ဓားပြတိုက် ချမ်းသာလာကြပြီး အခွင့်ထူးခံခွင့်ကို မစွန့်လွှတ်နိုင်ဘဲ တိုင်းပြည်အာဏာကို ထပ်မံလုယူခဲ့ကြတဲ့စစ်အာဏာရှင်တွေကို သစ္စာခံ အလုပ်အ‌ကျွေးပြုနေတဲ့ တပ်မတော်အမည်ခံ မိစ္ဆာစစ်ဘီလူးသဘက်တွေရဲ့ တိုင်းရင်းသား မိဘပြည်သူတွေအပေါ် ဘယ်လောက်အထိယုတ်မာဆိုးသွမ်းသလဲဆိုတာ အောက်မှာဖေါ်ပြမယ့် သတင်းဆိုးတွေက သက်သေခံနေပါတယ်။

၁။ လွန်ခဲ့သည့် ဇွန်လ ၁၀  ရက်နေ့ စစ်ကောင်စီ တပ်သားတစ်ဦးသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာထဲမှ ၁၄ နှစ်အရွယ် သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်ခဲ့တဲ့ သတင်း။

၂။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအုပ်စုမှ အသက် ၆၂ နှစ်အရွယ် အမယ်အို အမျိုးသမီးကြီးတစ်ဦးကို နိုဝင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်သားဖြစ်သူ ဖယ်ခုံတပ်ရင်း ၃၃၆ မှ တပ်သားမင်းမင်းစိုးက မုဒိမ်း ကျင့်ခဲ့တဲ့သတင်း။

၃။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာမှာ နိုဝင်ဘာ ၁၁  ရက်က အကြမ်းဖက်စစ်သား ၃ ယောက်က ခင်ပွန်းဖြစ်သူကို နှိပ်စက်ပြီးတော့ မီးနေသည် အမျိုးသမီးကို ခင်ပွန်းရဲ့ရှေ့မှာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး လက်ဝတ်ရတနာတွေကို လုယူသွားခဲ့တယ်ဆိုတဲ့သတင်း။

၄။ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈  ရက်က အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ်ကိုမီးငြိမ်းရန် လာသည့် ဓမ္မအမှုတော်ဆောင် Cung Biak Hmun အား သေနတ်ဖြင့် ပစ်သတ်ပြီး လက်ချောင်းဖြတ်ကာ လက်စွပ်လုယူသွားတဲ့သတင်း။

၅။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ နိုဝင်ဘာ ၁၇  ရက် ဒီနေ့ညနေ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာရာမှာ ဒေသခံပြည်သူ ၁၀ ယောက်ကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ် ခေါ်ဆောင်လာခဲ့တယ်ဆိုတဲ့သတင်း။

၆။ မင်းကင်းမြို့နယ်အတွင်း ဘင်အ‌နောက်တောကျေးရွာမှ ဒေသခံပြည်သူ ၄ ဦးကို ပန်ဆက်ကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူပေါင်းထားသော တပ်က နိုဝင်ဘာ ၁၅ ရက်နေ့ကဖမ်းဆီး သတ်ဖြတ်သွားတယ်ဆိုတဲ့သတင်း။ အသတ်ခံရတဲ့သူတွေကလည်း သာမန်ပြည်သူတွေပါ။ မြို့ကမှာတဲ့ ပစ္စည်းသွားယူရင် လမ်းမှာ အဖမ်းခံရပြီးအသတ်ခံရတာပါ။ သတ်တာကလည်း ရက်ရက်စက်စက် နှိပ်စက်ပြီးသတ်တာလို့ဆိုပါတယ်။ ခေါင်းကို ပစ်တယ်။ မီးရှို့တယ်" ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။

၇။ လပွတ္တာမြို့နယ်၊ ဆပ်ချောင်ကျေးရွာ (သိကြားဘုရားကုန်း)မှ ကိုနေလင်းထွန်း၊ သားကိုကျော်သူဝင်း အပါအဝင် ပြည်သူ ၃ ဦးကို နိုဝင်ဘာလ ၁၂  ရက်နေ့တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကိုကျော်သူဝင်းကို သတ်ဖြတ်ပြီး မီးသင်္ဂြိုဟ်လိုက်ကြောင်း ၊ မိသားစုကို အလောင်းပြန်မပေးခဲ့တဲ့သတင်း။

၈။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကြောင်းသို့ စစ်ကြောင်းချီတက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က  ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိရာ ကွမ်းအုံကျေးရွာမှ စိတ်ဝေဒနာရှင် ကိုအောင်ကိုဝင်းကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။ သူ့အလောင်းကတော့ လမ်းဘေး လယ်တောထဲမှာ ဦးခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်သတ်သွားတာ။ စစ်တပ်တွေလာတော့ လူကောင်းတွေအကုန်လုံးက ကြောက်လန့်ပြီးပြေးတယ်။ သူက စိတ်ကျန်းမာရေးမကောင်းတော့ ကြောက်ရကောင်းမှန်းလည်းမသိဘူး။ ပြေးလည်းမပြေးဘူး။ အဲဒါကို ပစ်သတ်သွားတာပါ" ဟု ဒေသခံတစ်ဦးကပြောခဲ့တဲ့သတင်း။

၉။  စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်စောင်တန်းရွာမှ ရပ်ကျေးNLD ဥက္ကဋ္ဌ ဦးစိုးအောင်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးသွားပြီး ရွှေဘိုမြို့နယ် ဘိုတည်ကုန်းရွာသားတစ်ဦးကို စစ်တပ်က ပစ်သတ်သွားတဲ့သတင်း။ တန်ရွာဘက်မှာ သူ့လယ်တောရှိတော့ ရေလာခပ်ရင်း ပစ်သတ်ခံရတာ။ ဒီနေ့မနက်မှ သူ့မိန်းမက လိုက်ရှာတော့မှ လယ်တောထဲမှာ အလောင်းကိုတွေ့တယ်။ ဦးခေါင်းနောက်ဆက်ကို တေ့ပြီး ပစ်သတ်သွားတာ" ဟု ဒေသခံတစ်ဦးကဆိုခဲ့ပါတယ်။

၁၀။ ဝက်လက်မြို့နယ်၊ ဘင်တဲကုန်းရွာကို  နိုဝင်ဘာ ၁၈  ရက် နံနက် ၈ နာရီတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးဆိုင်ကယ် ၂ စီး၊ ပြည်သူပိုင်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို လုယက် ယူဆောင်သွားတဲ့သတင်း။

အဲ့ဒီလို အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေရဲ့ ပြည်သူလူထုအပေါ် လူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာမှုအ‌ထောင်အသောင်းဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ‌‌

ဒါကြောင့်မို့လို့လည်း သမ္မတရူးမင်းအောင်လှိုင်ဦးဆောင်တဲ့ လူသတ်ဓားပြမုဒိမ်းတပ်ဟာ လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်တဲ့ မြ‌န်မာပြည်သူလူထုတရပ်လုံးရဲ့ အကြီးမားဆုံး ဘုံရန်သူဖြစ်လာခဲ့ရပါတယ်။

စစ်တပ်ဆိုရင် အသံကြားလိုက်တာနဲ့ ပြည်သူတွေဟာ ချီးကိုရွံတာထက်ပိုပြီး ရွံ့ရှာမှုထက်လွန်သွားခဲ့ကြတာမို့ တပ်မတော်ဟေ့ဆိုရင် အများပြည်သူ‌တွေဟာ သူခိုးဂျပိုး အကြမ်းဖက်လုယက်ဓားပြမုဒိမ်းကောင်တွေအဖြစ်မြင်လာတာမို့ မကောင်းဆိုးဝါးမိစ္ဆာတပ်လုံးလုံး ဖြစ်သွားခဲ့ရပါပြီ။

တခြားတဖက်ကိုကြည့်ပြန်ရင်တော့ သမိုင်းလိုအပ်ချက်အရ‌ ပေါ်ထွန်းလာတဲ့ ပြည်သူ့ကာကွယ်‌ရေးတပ် PDF တွေကိုတော့ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ။" စတဲ့ ကြွေးကြော်သံတွေနဲ့ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်က ဆန္ဒပြခဲ့ကြသလို နိုင်ငံတဝန်း  မတရားမှုကို လက်မခံတဲ့ ပြည်သူအားလုံးမှာ တူညီတဲ့ခံစားချက်တွေ ရှိကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅  ရက်နေ့တုန်းကလည်း ရေစကြို PDF တပ်ဖွဲ့တချို့ တိုက်ပွဲအပြီး ရွာတစ်ရွာကို ဖြတ်ပြီး လမ်းလျှောက်ပြန်ချိန်မှာ နယ်ခံရွာသူရွာသားတွေက သွေးသစ္စာသီချင်းသီဆိုပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့ဗွီဒီယိုမှတ်တမ်းတခုကို လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့မြင်ခဲ့ကြရပါတယ်။

အကြမ်းဖက်စစ်တပ်ဆိုရင်မုန်းတီးနာကြည်းကြသလောက် "PDF တွေကိုဆိုရင် ပြည်သူလူထုတွေက ကြောက်ရွံ့နေတာမျိုး လုံးဝမရှိဘူး သားသမီးအရင်းလိုကြိုဆိုထောက်ခံကြ၊ တတ်နိုင်တဲ့ ငွေကြေးရိက္ခာတွေလှူဒါန်းကြ၊ ပန်းကုံးစွပ်ပြီး အောင်ပွဲတွေနဲ့ပြန်လာနိုင်ဖို့ ဆုတောင်းနေကြပါတယ်။

ရမ်ဘိုဇာတ်ကားအပိုင်း ၄ ထဲမှာပါသလို ပြည်သူလူထုကို လူသားဒိုင်းအဖြစ်အသုံးပြုတာဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့မဟာရာဇဝတ်မှုဖြစ်တာမို့ စစ်ကောင်စီနဲ့ လက်ပါးစေ မိစ္ဆာစစ်ဘီလူးတပ်ဟာ အပြီးဖျက်သိမ်းရမယ့်အပြင် ကျုးလွန်သူတွေကို ထိုက်တန်တဲ့အပြစ်ပေးကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် သန်း ၅၀ ကျော်သော မြန်မာပြည်သူ‌အများစုဟာ နိုင်ငံနဲ့လူထုကို ခေတ်အဆက်ဆက်အနိုင်ကျင့်လို့ ဘာကောင်းကျိုးမှမပေးတဲ့ ဖက်ဆစ်စစ်တပ်ကို မေတ္တာတုံး ရွှံမုန်းတဲ့အဆင့်ကိုကျော်လွန်ပြီး ဒီလက်နက်ကိုင်ဓားပြတပ်မရှိတော့မှသာ တတိုင်းတပြည်လုံး ချမ်းသာအေးငြိမ်းနိုင်မယ်ဆိုတာ ပြတ်ပြတ်သားသားယုံကြည်လာကြပြီး လူတိုင်းက မိမိတနိုင်တပိုင်ပါဝင်လို့ စစ်အာဏာရှင်စနစ်အမြစ်နုတ်ရှင်းလင်းဖို့ အားထုတ်နေကြပြီဖြစ်ပါတယ်။

တိုင်းပြည်လွတ်လပ်ရေးရပြီးစကတော့ လူထုခေါင်း‌ဆောင် ဗိုလ်ချုပ်အောင်ဆန်းဦး‌ဆောင်လို့  ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ တည်ထောင်ခဲ့တာမို့ အစောပိုင်းမှာ ပြည်သူက အားကိုးအားထားရမလား မျှော်လင့်ချက်နဲ့ တော်လှန်‌ရေး‌နေ့‌တွေမှာ ပန်းကုံးစွပ်ကြိုဆိုခဲ့ကြဖူး ပါတယ်။

ဒါပေမဲ့ သန္ဓေယုတ်ပြီး ကိုယ်ကျင့်သီလမကောင်းတဲ့ စစ်အာဏာရှင်ဗိုလ်နေဝင်း‌လက်အောက် ရောက်သွားရာက သူခိုးဓားပြရွာရောက်ခဲ့ရတဲ့ ကျေးသားမိုက်တွေလို စစ်တပ်တတပ်လုံနီးပါးဟာ ပြည်သူကိုပြန်သတ် လုယက်ခိုးဆိုးမိုက်တဲ့ ဘီလူးသဘက်တွေလိုဖြစ်သွားတာမို့ ပြည်သူက ပန်းကုံးမစွပ်၊ ပန်းခွေမချ အမျှမဝေလို‌တော့တဲ့ မိစ္ဆာဘီလူးတပ်အဖြစ် သမိုင်းဝင်ခဲ့ပြီး မဝေးတော့တဲ့အနာဂတ်မှာ ကမ္ဘာမှာပထမဆုံးအဖြစ် ပြည်သူ့ခုံရုံးနဲ့ နိုင်ငံတကာတရားရုံးတွေမှာ စစ်ဗိုလ်စစ်သားရဲသား၊  စစ်ကြောရေး၊ အကျဉ်းဦးစီးဝန်ထမ်း ၊အာဏာသိမ်းမှုကို ပူးပေါင်းကူညီသူ ကြံ့ခိုင်ရေး၊ အစွန်း‌ရောက်မဘသတွေ လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှု  (Crime Against Humanity) ကျူးလွန်ခဲ့ကြသူအားလုံး အုံနဲ့ကျင်းနဲ့  တရားစွဲဆို အပြစ်ပေးခံကြရမှာ မလွှဲမသွေဖြစ်ပါကြောင်း‌ ရေးသား အသိပေးအပ်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024