DVB Logo
Home
မြန်မာသတင်း
မြန်မာ-တရုတ် နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည်ဖွင့်လှစ်ရန် မရေရာသေး
DVB
·
November 15, 2021
မြန်မာ-တရုတ် နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည်ဖွင့်လှစ်ရန် မရေရာသေး
Donate to DVB

မြန်မာပြည်မှာ ကိုဗစ်-၁၉ တတိယလှိုင်းစတင်တဲ့အချိန်ကစပြီး မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ခဲ့ပြီးနောက် ပြန်လည်ဖွင့်ဖို့အတွက်က အခုအချိန်ထိ မရေရာသေးတဲ့အကြောင်း မူဆယ်အခြေစိုက် မြန်မာကုန်သည်တွေက ပြောပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းတွေတည်ရှိရာ ကျင်ဆန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်နဲ့ ချင်းရွှေဟော်ဂိတ်တွေမှာ လာရောက်ကုန်သွယ်မှုမပြုဖို့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေကို အကြောင်းပြပြီး တရုတ်အစိုးရက  ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်ကတည်းက  ကန့်သတ်လိုက်တာပါ။

တရုတ်ဘက်က အခုလို နယ်စပ်ကုန်သွယ်မှုကို တဖက်သတ်ရပ်တန့်လိုက်တာ အချိန် ၄ လလောက်ရှိပြီ ဖြစ်ပေမဲ့ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့က အခုအချိန်ထိ မရေမရာရှိနေပါတယ်။

မူဆယ်အခြေစိုက် မြန်မာကုန်သည်တစ်ဦးက “ ပြန်လည်ဖွင့်၊ မဖွင့်ဆိုတာကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ဒေသစံတော်ချိန် ည၁၂ နာရီက ရွှေလီမြို့မှာ ကိုဗစ်ပိုးတွေ့တဲ့လူနာ ထပ်တိုးတယ်ဆိုပြီးတော့ ရွှေလီတမြို့လုံးကို lock down ချလိုက်တာ ဒီကနေ့အထိဘဲ။ ဒါကြောင့် လောလောဆယ်မှာတော့ သူတို့က ကိုဗစ်ပိုးတွေ့ရှိတဲ့လူကို အကြောင်းပြပြီးတော့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပိတ်ထားတယ်ဗျ။ ဒီတော့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ဒီလထဲမှာ ပြန်လည်ဖွင့်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ယူဆပါတယ်။ ပြီးတော့ တရုတ်ပြည်ဘက်က အခုအချိန်အထိပေါ့၊ ဒါနဲ့ပတ်သတ်ပြီး လာရောက်ညှိနှိုင်းမှုမရှိသေးဘူး။ အဲ့ဂိတ်တွေ မဖွင့်တာကြောင့် အဝင်ကော၊အထွက်ကောအတွက် လုပ်ငန်းတွေအားလုံးက လုံးဝရပ်သွားပြီလို့” ပြောပါတယ်။

ကိုဗစ်ကူးစက်ရောဂါမတိုင်ခင်က မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်တဲ့ မူဆယ်က တဆင့် တရုတ်ပြည်ဆီ ကုန်စည်စီးဆင်းမှုက တရက်ကို ကုန်တင်ကားစီရေ ၂၀၀ နဲ့ ၃၀၀ အကြား ပို့ဆောင်မှုရှိနေသလို တရုတ်ပြည်ဘက်ကလည်း ယင်းပမာဏနည်းတူ ပြန်လည်ဝင်ရောက်မှုရှိနေတာပါ။

မူဆယ်အခြေစိုက် မြန်မာကုန်သည်တဦးက “တရုတ်ပြည်ကို မှီခိုလုပ်နေရတဲ့ ကုန်သည်တွေအတွက်ကျတော့ လုပ်ငန်းတွေက ရပ်သွားကြပြီ။ ကျနော်တို့ ကုန်သည်တွေအားလုံးက မူဆယ်မှာ တရုတ်ပြည်ဆီပို့ဖို့ ဆန်၊ ဆန်ကွဲနဲ့ ပဲမျိုးစုံကို ဂိုဒေါင်တွေထဲမှာ ထည့်ထားပြီးသားတွေရှိတယ်။ တချို့လည်း ရက်ကြာလာတာနဲ့အမျှ ငွေကလည်း လိုလာတဲ့အတွက် မြန်မာပြည်ကို ပြန်သယ်ရတယ်။ ပြီးတော့ ပေါက်ဈေးအတိုင်း ပြန်ရောင်းတယ်ပေါ့။ ဒါပေမဲ့ ပြဿနာက အသွားစရိတ်နဲ့ အပြန်စရိတ် စရိတ်နှစ်ခုရှိတာကြောင့် ဆုံးရှုံးမှုက တော်တော်များတယ်။ အခုလက်ရှိတော့ မူဆယ်က ဂိုဒေါင်တွေထဲမှာ ထက်ဝက်နီးပါးပဲ ကျန်ရှိတော့တယ်။ ဆန်၊ ဆန်ကွဲနဲ့ ပဲမျိုးစုံက အရင် တန်ချိန် ၈ သိန်းရှိတဲ့နေရာမှာ အခု ၄ သိန်းလောက်ပဲ ကျန်တော့တယ်” လို့ ဆိုပါတယ်။

မူဆယ် ဆန်ကုန်သည်တဦးကတော့ “တရုတ်နယ်စပ်ဂိတ်တွေပြန်ဖွင့်တဲ့အခါ တင်ပို့မယ့် ဆန်၊ဆန်ကွဲက အရည်အသွေးပိုင်း နိမ့်သွားလို့ရှိရင် တရုတ်ကုန်သည်တွေက စျေးနှိမ်မယ့်အပေါ် စိုးရိမ်ပူပန်မှုတော့ ရှိပါတယ်။ ဒီ့အတွက် ကျနော်တို့က တရုတ်ပြည်က ပြန်ဖွင့်လို့ရှိရင် ဒီအတိုင်းတော့ မပို့ဘူး ခင်ဗျ။ စက်တွေနဲ့ ပြန်လည်သန့်စင်ပြီးမှ ပို့မှာပါ။ ဆန်ကတော့ ထားလို့ ရတယ်လေ။ သူက ၈လ၊ ၉လ အထိထားလို့ရတယ်။ ဒါပေမဲ့ သူ့နဂို မူလအရည်အသွေးလောက်တော့ မကောင်းတော့ဘူးပေါ့နော်။ ဒါကြောင့် စက်တွေနဲ့ ပြန်လည်သန့်စင်ဖို့တော့ လိုပါတယ်” လို့ပြောပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှာ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ) ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၉၄ ဒသမ ၉ သန်းကျော်ရှိပြီး သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၈ ဒသမ ၇ သန်းကျော်ရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း ဒေါ်လာ ၁၀၃ ဒသမ ၆ သန်းရှိပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂ဝ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၅ရက်အထိ ကာလတူမှာ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅၄၈ ဒသမ ၁ သန်း ရှိပြီး သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၄၆ ဒသမ ၅ သန်းကျော်ရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစု ပေါင်း ဒေါ်လာ ၆၉၄ ဒသမ ၆ သန်းကျော်ရှိခဲ့ပါတယ်။

ဒါကြောင့် ကာလတူနဲ့နှိုင်းယှဉ်ရင် လက်ရှိအခြေအနေမှာတော့ ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၄၅၃ သန်းကျော် လျှော့ကျခဲဒ့သလို သွင်းကုန်တင်သွင်းမှုကလည်း ဒေါ်လာ ၁၃၇ သန်းလျှော့ကျပြီး ကုန်သွယ်မှုပမာဏစုစုပေါင်း ဒေါ်လာ ၅၉၁ သန်း လျှော့ကျတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013