DVB Logo
Home
မြန်မာသတင်း
အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို စစ်ကောင်စီက ပြန်လွှတ်ပေး
DVB
·
November 15, 2021
အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို စစ်ကောင်စီက ပြန်လွှတ်ပေး
Donate to DVB

ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာကို စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ အေဂျင်စီသတင်းတွေမှာဖော်ပြပါတယ်။ 

ဖမ်းဆီးခံ အမေရိကန် သတင်းထောက်ဟာ အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီး မကြာခင်မှာ လေယာဉ်နဲ့ အိမ်ပြန်လာတော့မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်ကို ကိုးကားပြီး အေပီသတင်းမှာရေးပါတယ်။ 

အင်းစိန်ထောင်မှာ ၅လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ Frontier Myanamr ရဲ့အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖှန်စတာကို ဒီနေ့နေ့လယ်ပိုင်းက ပြည်နှင်ဒဏ်ပေးပြီး ရန်ကုန်လေဆိပ်ကနေ ကာတာလေဆိပ်ကို ပို့ဆောင်ပေးမယ်လို့ ဘီလ်ရစ်ချတ်ဆန်စင်တာရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နစ်ကေးအေရှ ဂျပန်သတင်းမှာလည်း ဒန်နီဖှန်စတာ ဒီကနေ့ညနေ ပြန်လွတ်လာမှာဖြစ်တယ်လို့ စစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီးဖော်ပြထားပါတယ်။ 

ဒန်နီဖှန်စတာကို အင်းစိန်ထောင်တွင်းတရားရုံးကနေ  နိုဝင်ဘာ ၁၂ ရက် မနက်က မှ ရာသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်၊ မတရားသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၃ နှစ်၊  လ၀ကအမှု အတွက် ထောင်ဒဏ်  ၅ နှစ်နဲ့  ဒဏ်ငွေကျပ် ၁ သိန်း၊  စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ငွေဒဏ် ကျပ် ၁ သိန်း ချမှတ်ခဲ့တာပါ။

ဒီစွဲချက်တွေအားလုံးဟာ စစ်အာဏာသိမ်းပြီးနောက် ပိတ်သိမ်းခံရတဲ့  Myanmar Now သတင်းဌာနမှာ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြစ်ရှိတယ်ဆိုပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။

Frontier Myanmar မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဒန်နီဖှန်စတာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကတည်းက Myanmar Now ကနေ နုတ်ထွက်ခဲ့ပြီး နောက်လမှာ Frontier မှာ အလုပ်ဝင်ရောက်ခဲ့ကာ သူအဖမ်းခံရချိန်မှာ Frontier နဲ့ ကိုးလကျော် အလုပ် လုပ်ကိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒန်နီဖှန်စတာဟာ ပြည်တွင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းမှာ မန်နေဂျင်းအယ်ဒီတာ တာဝန်ထမ်းဆောင်နေစဉ်  ပြီးခဲ့တဲ့ မေလတုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မကြာသေးခင်သီတင်းပတ်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်းဖြစ် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့  ဘီလ်ရစ်ချတ်ဆန်ဟာ လူသားချင်းစာနာမှု အကူအညီပေးရေး ပုဂ္ဂလိကခရီးစဉ်အနေနဲ့ မြန်မာနိုင်ငံကိုသွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်အာဏာသိမ်းမှု ၉ လကျော်အကြာ ရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ၊ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ၊ သေဆုံးမှုတွေလည်း ပိုမိုမြင့်တက်နေပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)တော့ လက်ရှိမြန်မာနိုင်ငံအကျဉ်း ထောင် တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား အယောက် ၅၀ လောက် ရှိနေပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013