DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနှင့်ကျောက်ထုတွင် စစ်ယာဉ်တန်းများ မိုင်းဆွဲခံရ၊ CDF မင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
DVB
·
November 8, 2021
ဂန့်ဂေါနှင့်ကျောက်ထုတွင် စစ်ယာဉ်တန်းများ မိုင်းဆွဲခံရ၊ CDF မင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
1 / 7
Donate to DVB

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၇ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို YDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးပြီး ၁၅ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ ဂန့်ဂေါမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဥ်တန်း ကားအစီး ၃၀ ကျော်ကို ကံရွာနားနဲ့ကျောက်ဂူတောရ တောင်ဘက်မှာ YDF တပ်ဖွဲ့က မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တာလို့ YDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အားက ၁၀၀ လောက် ပါတယ်ဗျ။ စစ်ကောင်စီယာဥ်တန်းက ကလေးဘက်ကနေ ဆင်းလာတာ မနက် ၇ နာရီခွဲလောက်က ကံရွာ တံတားနားမှာ တစ်ကြိမ်၊ မနက် ၁၁နာရီခွဲလောက်က ကျောက်ဂူ တောရ တောင်ဘက်မှာ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်သေဆုံးခဲ့တာ။”

ယောဒေသအတွင်းမှာ YDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေ၊ ခရီးသွားတွေအနေနဲ့ အထူးဂရုစိုက်ပြီးသွားလာကြဖို့ သတိပေးထားပါတယ်။

အလားတူ ကျောက်ထုမြို့ကနေ ထီးလင်းမြို့ဘက်သွားတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရကာ ကားတစီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်လောက်မှာ ကျောက်ထုကနေ ထီးလင်းကိုသွားတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ် ၇ စီးပါယာဉ်တန်းထဲက ကား ၁ စီးက တောင်အတက်လမ်း မတက်နိုင်လို့ စစ်ကောင်စီတပ်သားတွေ လမ်းဆင်းလျှောက်နေချိန် ကျောက်ထု-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာလည်း နိုဝင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေက CDF မင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၂၈ ယောက် သေဆုံးကာ အများ အပြားဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ် CDF က ပြောပါတယ်။

မင်းတပ်-မတူပီကားလမ်း ၃၁ မိုင်မှာ နိုဝင်ဘာ ၆ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ မင်းတပ်CDF က အကြမ်းဖက်စစ်အုပ်စု ယာဥ်တန်းကို တူမီးသေနတ်တွေနဲ့ အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့တာလို့ မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဒေသခံရွားသားတွေ မွေးမြူထားတဲ့ နွားနောက်တွေနဲ့ အိမ်မွေးတိရစ္ဆာတွေကို သတ်ဖြတ်စားသောက်တာတွေ၊ နေအိမ်ပစ္စည်းတွေကို ဖျက်ဆီးပြီး ပစ္စည်းနဲ့ ငွေကြေးတွေကို ခိုးယူတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မင်းတပ်-မတူပီကားလမ်း မိုင်တိုင်အမှတ် ၂၆ နားမှာလည်း နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမျာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံး၊ အများအပြား ဒဏ်ရာရရှိသွားပြီး CDF တပ်ဖွဲ့ဘက်က ရဲဘော်တစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားရာ ၃၁ မိုင်အကျော်မှာ ပုပ်ပွစပြုနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းတွေ့ရှိတာကြောင့် မင်းတပ် CDF တပ်ဖွဲ့က လမ်းဘေးမှာ မြေမြှုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်-မတူပီကားလမ်းမှာ နိုဝင်ဘာ ၄ ရက်နေ့ကလည်း မင်းတပ် CDF နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၅ ယောက်လောက် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါနှင့်ကျောက်ထုမြို့တို့မှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ မင်းတပ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013