DVB Logo
Home
မြန်မာသတင်း
သံတွဲရဲစခန်း၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက်မှုဥပဒေဖြင့် စစ်တပ်က အမှုဖွင့်
DVB
·
November 6, 2021
သံတွဲရဲစခန်း၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက်မှုဥပဒေဖြင့် စစ်တပ်က အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့မရဲစခန်းမှာ  ဖမ်းဆီးခံထားရတဲ့  အမျိုးသမီး ၃ ယောက်ထဲက ၂ ယောက်ကို  စစ်ကောင်စီက  ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။

ငပလီမြို့ မဇင်ရပ်ကွက်က အသက် ၃၅ နှစ်အရွယ် မငြိမ်းအိဖြူကျော်၊ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်က အသက် ၂၈ နှစ်အရွယ် မတင်စန္ဒာဝင်းနဲ့ အမှတ် ၇ ရပ်ကွက်က အသက်  ၁၆ နှစ် အရွယ် ၁၀ တန်းကျောင်းသူ  မသိမ့်အေးချမ်းတို့ကို PDF တွေထံ K-Pay ကနေ တဆင့် ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ ၃ ရက်နေ့က ရဲအင်အား အများအပြားနဲ့ ဖမ်းဆီးသွားခဲ့တာပါ။

“သူတို့ကို PDF ကို ငွေထောက်ပံ့တယ်ဆိုပြီး ဖမ်းတာ။ ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားတယ် တဲ့။ ၁၆ ရက်နေ့အထိ ရမန်ယူထားတယ်။ ဒီနေ့ ဘဏ်က မန်နေဂျာကို ရဲကခေါ်စစ်မယ်လို့ သိရတယ်” လို့ မိသားစုတွေနဲ့ နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။

မတင်စန္ဒာဝင်းနဲ့ မငြိမ်းအိဖြူကျော်တို့နှစ်ဦးကို အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ထားပြီး ၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်း ကိုတော့ အမှုမဖွင့်သေးဘဲ  သံတွဲမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

“ရဲစခန်းမှာ သွားမေးတော့ အထက်က ခိုင်းတာကိုလုပ်နေတာ။ သူလုပ်စရာရှိတာကို ဆက်လုပ်သွားမယ်လို့ ပြောတယ်။ သိမ့်အေးချမ်းက အသက် ၁၆ နှစ်ပဲ ရှိသေးတာ။ အချုပ်ထဲမှာ ထည့်မထားဘူးလို့ပြောတယ်။ နောက်ကောင်မလေး ၂ ယောက်ကိုတော့ အပြင်ထုတ်ရင် လက်ထိပ်ခတ်တယ် ” လို့ နီးစပ်သူ တယောက်က ပြောပါတယ်။

မတင်စန္ဒာဝင်းကတော့ ဒီအရင်ကလည်း ရဲစခန်းက ခေါ်ယူစစ်ဆေးတာကို ခံခဲ့ဖူးပြီး သူ့အိမ်ကို ရဲတွေလာရှာနေပြီဆိုတာ သိခဲ့ပေမဲ့ မိသားစုဝင်တွေကို ဖမ်းဆီးမှာစိုးလို့ ရှောင်မသွားဘဲ ဖမ်းခံလိုက်တာ လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် နန်းချောင်းရွာနဲ့ ငပလီမြို့၊ မဇင်ရပ်ကွက်က အသက် ၃၅ နှစ်အရွယ် မမြတ်ရည်ဖြိုးကျော်တို့ကိုလည်း ရဲက ဖမ်းဆီးခဲ့ပြီး နန်းချောင်းရွာက အမျိုးသမီးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်မှာ PDF အဖွဲ့နဲ့ ဆက်သွယ်ကြောင်း သံသယနဲ့  ဖမ်းဆီးခံရသူ  ပြည်သူ ၅  ဦး အထိ ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ် ၁၀ နှစ်က‌နေ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013