DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့ရှိ ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရဲဘော်အချို့ကို ဖမ်းဆီး
DVB
·
November 3, 2021
မြဝတီမြို့ရှိ ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရဲဘော်အချို့ကို ဖမ်းဆီး
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)ရဲ့ ဆက်ဆံရေးရုံးကို နိုဝင်ဘာ ၂ ညနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပြီး ရဲဘော် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်တယ်လို့ သိရပါတယ်။ 

“မနေ့ညနေ ၅ နာရီကျော်လောက်က မြဝတီမြို့ ကြံခင်းရပ်ကွက်ရှိ ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်က အန်စီအေ ကိစ္စ မေးမြန်းဆွေးနွေးစရာရှိလို့ဆိုပြီး ရုံးမှာ ရှိတဲ့ ဆက်ဆံရေးရုံးတာဝန်ခံ အပါအဝင် ရဲဘော် ၄ ဦးကို  ခေါ်သွားတယ်”လို့ ABSDF ရုံးနဲ့ နီးစပ်တဲ့ မြဝတီ  ဒေသခံတဦးက ပြောပါတယ်။ 

မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် ကိုအောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီ၊ ကိုခင်မောင်ဝင်းတို့ကို မြဝတီအခြေစိုက်စစ်တပ်က  ထိန်းသိမ်းထားပြီး ဖုန်းတွေကို သိမ်းဆည်းထားကာ  ပြင်ပနဲ့ ဆက်သွယ်ခွင့်လည်းမရဘူးလို့  ဒေသခံက ပြောပါတယ်။ 

ABSDF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ရဲဘော်ဆန်နီကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်တဲ့အကြောင်း၊ အသေအချာ အတည်ပြုချက် ဘာမှလုပ်လို့ မရသေး အတိအကျဘယ်လို ဖြစ်တယ်ဆိုတာ  မသိရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း  ဘားအံမြို့မှာရှိတဲ့ ABSDF ဆက်ဆံရေးရုံးကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးတာကြောင့် ABSDF ရဲဘော်တချို့ အဖမ်းခံထားရပြီး ခြံကိုလည်း ချိတ်ပိတ်ခံထားရပါတယ်။

ABSDF ဟာ ၂၀၁၃ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ NCA လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ဆက်ဆံရေးရုံးတွေကို တရားဝင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁ ရက်က ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၃) နှစ်ပြည့်  အထိမ်းအမှတ် ထုတ်ပြန်ချက်မှာတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးအင်အားစုတွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ (ABSDF) က ကြေညာထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013