DVB Logo
Home
မြန်မာသတင်း
ရခိုင်အကြံပေးအဖွဲ့မှ နုတ်ထွက်ခဲ့သည့် အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် မြန်မာပြည် လာမည်
DVB
·
November 1, 2021
ရခိုင်အကြံပေးအဖွဲ့မှ နုတ်ထွက်ခဲ့သည့် အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် မြန်မာပြည် လာမည်
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်းဖြစ် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့  ဘီလ်ရစ်ချတ်ဆန်ဟာ လူသားချင်းစာနာမှု အကူအညီ ပေးရေး ပုဂ္ဂလိကခရီးစဉ်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းရေး မငြိမ်မသက်ဖြစ်မှုတွေနဲ့အတူ အကြမ်းဖက်မှုတွေနဲ့ နစ်မြုပ်နေခဲ့ပြီး ဒီအခြေအနေ တွေ ကြားမှာ ဒီမိုကရေစီအစိုးရ ပြန်လည်ထူထောင်နိုင်ချိန်အထိ အမေရိကန်က ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုတွေကို ရပ်ဆိုင်းထားခဲ့တာပါ။

ရစ်ချတ်ဆန်ကတော့ သူ့စင်တာအနေနဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးပေးခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတယ်လို့ ပြောထားတာဖြစ်ပြီး လတ်တလော သူ့ရဲ့ ခရီးစဉ်အတွင်းမှာ အာဏာသိမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမျိုး၊ ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်ဆိုတာမျိုးကိုလည်း  အသေးစိတ် ပြောဆိုထားတာမျိုး မရှိပါဘူး။

“မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ အဆက်အသွယ်တွေနဲ့အတူပူးပေါင်းဆောင်ရွက်မှု ကြောင့် လာရောက်လည်ပတ်ဖို့ ဖြစ်လာခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး၊ ဆေးဝါးနဲ့ တခြား ပြည်သူ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားမယ်”လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘီလ်ရစ်ချတ်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း သိရှိထားတယ်လို့ ရစ်ချတ်ဆန်ရဲ့ပြောခွင့်ရသူ မက်ဒလင်း မက်ဟနီက ပြောပြီးအမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါနဲ့ပတ်သက်ပြီး လတ်တလော မှတ်ချက်ပေး ပြောဆိုထားတာ မရှိသေးပါဘူး။

ဒါ့အပြင် ဒီခရီးစဉ်အတွင်း ပြီးခဲ့တဲ့ မေ ၂၄ ရက်ကတည်းက ဖမ်းဆီးခံထားရတဲ့ အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာ ပြန်လည်လွတ်မြောက်ရေးအတွက် လုပ်ဆောင်သွားဖို့ ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီးတော့လည်းဖြေကြားဖို့ ငြင်းဆိုထားပါတယ်။

မစ္စတာဘီလ်ရစ်ချတ်ဆန်ဟာ ၁၉၉၄ ခုနှစ်    ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဘဝမှာ ပြင်ပဧည့်သည်အနေနဲ့ ပထမဆုံး တွေ့ဆုံခွင့်ရခဲ့ပြီးကတည်းက ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ဖူးသူဖြစ်ပြီး မြန်မာ့နိုင်ငံရေး ကိစ္စတွေမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး ပါဝင်ပတ်သက်ခဲ့ဖူးသူဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်ဖွဲ့စည်းခဲ့တဲ့   ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ၅ ဦးပါ အကြံပေးအဖွဲ့မှလည်း အဖွဲ့ဝင်အဖြစ်  ခန့်အပ်ခံရဖူးပါတယ်။

ဘီလ်ရစ်ချတ်ဆန်ဟာ မြန်မာနိုင်ငံကို  လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက နောက်ဆုံး လာရောက်ခဲ့စဉ်က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  အစည်းအဝေးတခုမှာ  ရိုက်တာသတင်းထောက်၂ ယောက်ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားအချေအတင် ဖြစ်ခဲ့ပါတယ်။

ဒီနောက် အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရကို ထောက်ခံ ကာကွယ်ပေးဖို့ ဖွဲ့ထားတာလို့ ဘီလ်ရစ်ချတ်ဆန်က စွပ်စွဲပြီး အကြံပေးအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပါတယ်။  အကြံပေးအဖွဲ့ခေါင်းဆောင်  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ်ကတော့ ရစ်ချတ်ဆန်ရဲ့ စွပ်စွဲချက်ဟာ ဆီလျော်ညီညွတ်မှု မရှိကြောင်း တုံ့ပြန် ပြောဆိုခဲ့သလို မြန်မာအစိုး ရဘက်ကလည်း ရစ်ချတ်ဆန်ဟာ အကြံပေးအဖွဲ့ လုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ကိစ္စတွေလုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုတကြိမ် ရစ်ချတ်ဆန် မြန်မာနိုင်ငံကိုလာမယ့်ခရီးစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီက ဖိတ်ခေါ်လို့လာတာလား ရစ်ချတ်ဆန်ရဲ့ မြန်မာပြည်လာဖို့ ကမ်းလှမ်းချက်ကို စစ်ကောင်စီက ခွင့်ပြုလက်ခံလိုက်တာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

စစ်ကောင်စီ အာဘော် မီဒီယာတွေနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနကလည်း  ရစ်ချတ်ဆန်ရဲ့ မြန်မာခရီးစဉ်အကြောင်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013